ကျောက်ဆည် ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာများ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ကော်မတီအဖွဲ့များ ဖွဲ့စည်းကာ အတိုးနှုန်း သက်သာစွာ ဖြင့် ပြည်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေတိုးပွားစေရေးအတွက် ယနေ့နံနက် (၁၀) နာရီက ရှားပင်ကျေးရွာတွင် ဆဌမ အကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်အေးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရှားပင်ကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၁၄၅)ဦးအတွက် ငွေကျပ်(၂၉၀)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၇၅)ဦး အတွက် ငွေကျပ်(၇၅)သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ(၁၆)ဦးအတွက် ငွေကျပ်(၃၂)သိန်း၊ စုစုပေါင်းငွေကျပ်(၃၉၇)သိန်းကို ပြည်သူ (၂၃၆) ဦးအား စနစ်တကျ ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် (၂၀၁၄-၂၀၁၅)ဘဏ္ဍာနှစ်တွင် ကျေးရွာ(၁)ရွာ၊ (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ်တွင် ကျေးရွာ(၁၃)ရွာ၊ (၂၀၁၆-၂၀၁၇)ဘဏ္ဍာနှစ်တွင် ကျေးရွာ(၈)ရွာ၊ (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်တွင် ကျေးရွာ(၅)ရွာ၊ (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်တွင် ကျေးရွာ(၃)ရွာ၌ အရင်းမပျောက် မတည်လည်ပတ် ရန်ပုံငွေဖြစ်သည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေများကို ထုတ်ချေးပေး ခဲ့ကြောင်း သိရှိရသည်။
သက်မောက်(ကျောက်ဆည်)