ကျောက်ပန်းတောင်း၊ ဩဂုတ်-၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာမှ ကျောက်ခွက်ကျေးရွာအုပ်စု၊ သင်ပေါင်းကျေးရွာတွင် ကျေးရွာနေပြည်သူများ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက်၊ မြေသားရေကန် တူးဖော်ဆောင်ရွက် ပေးလျှက်ရှိရာ၊ လုပ်ငန်းပြီးစီးမှုအခြေအနေများကို၊ ယနေ့နံနက်(၉)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၉.၉)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော သင်ပေါင်းကျေးရွာ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း အလျား ၁၀၀ ပေ၊ အနံ ၁၂၅ ပေ၊ အနက် ၆ ပေ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့ နယ်ဦးစီးမှူးဦးဇော်မင်းထွန်းနှင့် အင်ဂျင်နီယာအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး၊ မြေသား ရေကန် ရေရှည်တည်တံ့စေရေးနှင့် ကန်ပေါင်းကြံ့ခိုင်ရေးလုပ်ငန်းများ နှစ်စဉ်ဆောင်ရွက်သွားကြရန် တို့ကို ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါမြေသားရေကန် တူးဖော်မှုလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လလယ်ခန့်မှ စ၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်သဖြင့်၊ သင်ပေါင်းကျေးရွာရှိ အိမ်ခြေ (၇၇)အိမ်မှ လူဦးရေ(၄၇၅)ဦးတို့အတွက် သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်တော့မည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှသိရပါသည်။
နေအောင်(ပြန်/ဆက်)