ဆီဆိုင် သြဂုတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် သောက်သုံး ရေရရှိရေးလုပ်ငန်း(၂)ခု၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း(၁၉)ခု၊ စုစုပေါင်းလုပ်ငန်း (၂၁)ခုဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ မြို့နယ်အဆင့် တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် အရည်အသွေးစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၅၀)ဖြင့် ဘန်းဗွီး ကျေးရွာအုပ်စု၊ ဆော့ဆား-ကောင်ပန်းတန်းကျေးရွာချင်းဆက်မြေသားလမ်း အရှည် ၁၂၃၀ ပေ ဖောက်လုပ်ခြင်းလုပ်ငန်း၊ ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် (၂၅) သိန်းဖြင့် ပါလော ပါကယ်ကျေးရွာအုပ်စု၊ ကံ့ကော်-ကောင်ပန်တန်းကျေးရွာချင်းဆက်လမ်းပေါ်ရှိ (၅×၁၈×၅) ပေရှိ Box Culvert
တံတားတည်ဆောက်ခြင်းလုပ်ငန်း နှင့် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း(၅၀)ဖြင့် ပါလောပါကယ်ကျေးရွာအုပ်စု၊ မိုက်တီးကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ (၁၈×၁၀×၇)ပေရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် အရည်အသွေးပြည့်မီခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)