ပုဗ္ဗသီရိမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ရန်ပုံငွေများထုတ်ချေးပေး

ပုဗ္ဗသီရိ ဩဂုတ်  ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) အရ ရန်ပုံငွေများထုတ်ချေးပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ဆင်တဲကြီး ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းဆွေက" ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ကိုဗစ်-၁၉ ရောဂါအကျိုးဆက် သက်ရောက် ခြင်းခံရသည့် ကျေးလက် ဒေသများရှိ ကျေးလက်နေပြည်သူတို့၏စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ များအတွက် အရင်းအနှီးများရရှိပြီး မိသားစုဝင်ငွေတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်စေရန်၊ တိုးပွားလာ သောရန်ပုံငွေများဖြင့် ကျေးရွာပိုင် မတည်ရန်ပုံငွေ ထူထောင်၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်အတွက် နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးပြန်လည်ကုစားမှုအစီအစဉ်မှ မတည်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း" ရှင်းလင်း ပြောကြားခဲ့သည်။ 

ဆင်တဲကြီးကျေးရွာသည် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)အရ ရန်ပုံငွေကျပ်သိန်း ၃၀၀ ထုတ်ချေးခွင့် ရရှိ၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၈၀ ဦးအတွက် ၁၉၁၅၀၀၀၀ ကျပ်၊ မွေးမြူးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၆ ဦးအတွက် ၅၅၅၀၀၀၀ ကျပ်၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ ၂၄ ဦး အတွက် ၃၈၀၀၀၀၀ ကျပ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၅ ဦး အတွက် ၉၀၀၀၀၀ ကျပ် စုစုပေါင်း ၂၉၄၀၀၀၀၀ ကျပ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထုတ်ချေးပေးခဲ့သည်။

 ေကျေးရွာမတည်ရန်ပုံငွေစီမံကိန်းတွင်  ပုဗ္ဗသီရိမြို့နယ်မှ အိမ်ခြေ (၁၀၀)အထက်ကျေးရွာ နှစ်ရွာ၊ အိမ်ခြေ (၅၁)မှ(၁၀၀)အတွင်းရှိ ကျေးရွာတစ်ရွာနှင့် အိမ်ခြေ(၅၀)အောက်ကျေးရွာတစ်ရွာ စုစုပေါင်း ကျေးရွာလေးရွာ ရွေးချယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကံချွန်(ပြန်/ဆက်)