ထန်းတပင်မြို့နယ်တွင် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအားဒုတိယ အကြိမ်စတင်ထိုးနှံ

 

ထန်းတပင်(ရန်ကုန်) သြဂုတ်၂၉

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေမှုများကို ထိန်း ချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာမှာ ပထမ အကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် မြောက်အဖြစ် ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို သြဂုတ် လ(၂၉)ရက်နေ့၊ နံနက်ပိုင်းမှစတင်ကာ ထန်းတပင်မြို့မ အားကစားကွင်းတွင် ထိုးနှံပေး လျက်ရှိ ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို သြဂုတ်လ(၁)ရက်နေ့မှ  သြဂုတ်လ(၇)ရက်နေ့အထိ စုရပ်နေရာ (၈)ခုတို့တွင် ပထမအကြိမ်အဖြစ် ကာကွယ်ဆေးကိုထိုးနှံပေး လျက်ရှိရာမှာ ကာကွယ်ဆေးထိုးနှံပြီးစီးသည့် ဦးရေအနေဖြင့် သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင် (၁၉၇)ပါး၊ အသက်(၆၅)နှစ်အထက် အဘိုးအဘွား(၁၆၅၁)ဦး၊ နိုင်ငံ့ဝန်ထမ်း(၂၅၆)ဦး၊ နိုင်ငံ့ဝန်ထမ်း မိသားစု(၆၁၄)ဦး၊ စေတနာ့ဝန်ထမ်း(၄၃၂)ဦး၊ စျေးသူ/သား(၃၂)ဦးနှင့် အချုပ်သား (၆)ဦး စုစုပေါင်း (၃၁၈၈)ဦးရှိကြောင်းသိရပြီး အဆိုပါ ပထမအကြိမ်ထိုးနှံပြီးသူများအား ယခုအခါ ဒုတိယအကြိမ်မြောက် ထပ်မံ၍ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သလို ပထမအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသူများ ကိုလည်း သြဂုတ်လ(၂၅) ရက်နေ့တွင် အ.လ.က(ခွဲ) ရခိုင်ရိုးကြီး၊ သြဂုတ်လ(၂၆)ရက်နေ့တွင် တက်သစ်တိုက်နယ်ဆေးရုံ၊ သြဂုတ်လ (၂၇)ရက်နေ့တွင် အ.ထ.က(ခွဲ)အုတ်ဖို ကျောင်းစုရပ်နှင့် သြဂုတ်လ(၂၉)ရက်နေ့တွင် ဒိတ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းစုရပ်တွင် ဆက်လက်၍ထိုးနှံ ပေးလျက်ရှိကြောင်း လည်းသိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်း များကို ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်း မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူးဖြိုးဝေစိုး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှု့အား ပေးခဲ့ကြကြောင်းလည်း သိရသည်။

 

ဇင်မင်းထိုက်