ပြင်ဦးလွင်မြိုရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှု ( ၉၅ ) ရာခိုင်နှုန်းပြီးစီး

ပြင်ဦးလွင်  ဩဂုတ်   ၂၉     

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး( ၅ )၊ ပြည်သူ့ဆေးရုံကြီးအနီးရှိ ပြင်ဦးလွင်(အခမဲ့) နာရေးကူညီမှုအသင်းကြီးမှ ဦးဆောင်ကာ  ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် မရှိမဖြစ် လိုအပ်လျက်ရှိသော အောက်ဆီဂျင်စက်ရုံကို  စေတနာရှင်ပြည်သူများ၏ စုပေါင်းအလှူငွေများဖြင့် ဩဂုတ် (၁) ရက်နေ့၊ နံနက်ပိုင်းမှ စတင်တည်ဆောက်ခဲ့ကြောင်း သိရသည် ။

အဆိုပါ  အောက်ဆီဂျင်စက်ရုံတည်ဆောက်ရာတွင်  ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းပိုင် မြေနေရာ တွင် မြေသားများပြုပြင်ခြင်း ၊  200 KVA  / Transformer  တည်ဆောက်ခြင်း၊ အဆောက်အအုံ တည်ဆောက်ခြင်း ၊ အောက်ဆီဂျင်စက် တပ်ဆင်ဆောင်ရွက်ခြင်းနှင့် (၁) ရက်လျှင် အောက်စီဂျင်  ၄၀   လီတာအိုး၊ အလုံး (၂၀၀)  အမြန်ထုတ်လုပ်နိုင်ရေး လိုအပ်သည်များကို ကျွမ်းကျင်ပညာရှင်များနှင့် ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းမှ အသင်းသူ ၊ အသင်းသားများ ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိသည် ။

ယခုအခါတွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်မှုမှာ ( ၉၅ ) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ရာ  ယမန်ရက်နေ့မှ စတင်ပြီး  အောက်ဆီဂျင်  ၄၀ လီတာအိုး ၊၂၀ လီတာအိုး ၊ ၁၅ လီတာအိုးများကို  ( ၂၄) နာရီ  အခမဲ့  လူမျိုး၊ ဘာသာ၊ နေရာဒေသမရွေး အောက်ဆီဂျင်များအား စတင်လည်ပတ် ဖြည့်ပေးနေပြီဖြစ်ကြောင်းနှင့်   စက်ရုံတည်ဆောက်မှုကုန်ကျငွေမှာ ကျပ်သိန်း (၂၅၀၀) သိန်းခန့် ကုန်ကျမည်ဖြစ်ပြီး ကျန်ရှိ နေသည့် လုပ်ငန်းများကိုလည်း  အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း  တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။