မလှိုင်မြို့နယ်၌ အများပြည်သူသုံး အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု (၈ဝ) ရာနှုန်းပြီးစီး

 

မလှိုင်  ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့မိ၊ မြို့ဖများ ဦးဆောင်၍ အများပြည်သူသုံး အောက်ဆီဂျင်စက်ရုံကို ဩဂုတ် ၁ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ (၈ဝ ) ရာနှုန်းပြီးစီးနေပြီဖြစ်ကြောင်း စက်ရုံဖြစ်မြောက်ရေး ကော်မတီဒုတိယ ဥက္ကဋ္ဌ ဦးအောင်ကိုစန်းထံမှသိရသည်။

အများပြည်သူသုံး အောက်ဆီဂျင်စက်ရုံကို မိတ္ထီလာ-မြင်းခြံကားလမ်းမ အရှေ့ဖက်  လယ်ကြီးကျေး ရွာအုပ်စု ၊ ကွင်းအမှတ်(၂၈ဝ /၂ဝ၆၇ ) ၊ ဦးပိုင်အမှတ်( ၃၁/၁)ရှိ မြေဧရိယာ(ဝ.ဝ၉၉) ဧကရှိ ယာမြေ ၌ဆောက်လုပ်ထားပြီး အဆောက်အဦ၏ အကျယ်ပေမှာ အလျှား(၄၅ )ပေ ၊အနံ (၄၅ )ပေ၊ အမြင့်(၁၃)ပေရှိ RC  (၁)ထပ် အဆောက်အဉီးဖြစ်၍  သွပ်မိုးရန်သာကျန်ရှိပြီး အဆောက်အဦး၏ (၈ဝ)ရာနှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည် ။

အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် မလှိုင်မြို့နေ မြို့မိ၊မြို့ဖများ၏ စုပေါင်းလှူဒါန်းငွေနှင့် JALIER အမှတ်တံဆိပ် 20m3 /Hour  150bar  Automatic Fitting System  အောက်စီဂျင်စက် ၊ မြေ ၊ လျှပ်စစ်ဓါတ် အားလိုင်း တည်ဆောက်ခြင်း၊ ထရန်စဖော်မာ( Transformer ) နှင့် ဆက်စပ် ပစ္စည်းတန်ဘိုးငွေ (၁၂. ဝ၅ ) သန်း ကို အလှူရှင်များ မှ လှူဒါန်းထားရှိပြီးဖြစ်သည် ။ ယခုအခါ အရှည်ပေ (၄၂ဝဝ) ရှိ  11 KVA ဓါတ်အားလိုင်း နှင့် 100 KVA ထရန် စဖော်မာ ( Transformer )တပ်ဆင်ခြင်းလုပ်ငန်းများမှာလည်း (100  % ) ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည် ။ စက်ရုံ၏ ကုန်ကျ ငွေကျပ်သန်း(၂ဝဝ) ခန့်မှန်းထားပြီး (၂ဝ.၉.၂ဝ၂၁ ) ရက်နေ့တွင် ပြီးစီးရန် လျာထား သတ်မှတ် ကြောင်းသိရသည် ။  အဆိုပါစက်ရုံအတွက် 40 Liter Cylinder အိုးအလွတ် (၁၄၂ )လုံး လည်းရောက် ရှိနေပြီဖြစ်၍ လိုအပ်သော အောက်ဆီဂျင်များကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက တာဝန်ယူဖြည်းဆည်းပေးပြီး မြို့နယ်ရှိ ကုသရေးဆေးရုံများတွင်ယခု အခါအသုံးပြုလျက်ရှိကြောင်းသိရသည် ။

အဆိုပါအောက်ဆီဂျင်စက်ရုံ  တည်ဆောက်ပြီးစီးပါက တစ်နေ့လျှင် (40 L ) အိုး အလုံး( ၈ဝ ) ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မိမိတို့မြို့နယ်ရှိ ကိုဗစ်-၁၉ လူနာများအတွက်သာမက အခြားသော အောက်ဆီဂျင်လိုအပ်သည့် ဝေဒနာရှင်များ ၊ မိမိတို့မြို့နယ်နှင့် ဆက်စပ်နေသည့်ဒေသများမှ အကူညီ တောင်းခံလာလျှင်လည်း ပံ့ပိုးကူညီနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

အောင်ဌေး