ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် ၆ လ မှ ၅ နှစ်အထိ ကလေးများအား ဗီတာမင်အေဆေးလုံး တိုက်ကျွေး

ဒဂုံမြောက် ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် (၄၁)ရပ်ကွက်၊ (၅၀)ရပ်ကွက်နှင့် (၄၁)ရပ်ကွက်တို့ တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အနေဖြင့်  ရပ်ကွက်များရှိ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ် များအား ကလေးများ ပုံမှန်ကြီးထွားဖွံ့ဖြိုးရေးနှင့် အမြင်အာရုံများကောင်းမွန်စေရန်ရည်ရွယ်၍ ဗီတာမင်အေ တိုက်ကျွေး ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗီတာမင်အေ တိုက်ကျွေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်း များက ကလေးမိဘများအား အာဟာရဖွံ့ဖြိုးရေးအတွက် တိုက်ကျွေးရမည့် အစာအုပ်စုများ၊ အိုင်အိုဒင်းချို့တဲ့ပါက ဖြစ်ပေါ်နိုင်သည့် ရောဂါများ၊ မိုးတွင်းကာလတွင် ကလေးငယ်များ၌ အဖြစ်များသည့်  သွေးလွန်တုပ်ကွေးရောဂါ မဖြစ် ပွားစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ကလေးများအား ကိုယ်အလေးချိန် တိုင်းတာပေးခြင်းနှင့် အသက် (၆) လမှ (၁၁) လအထိ ကလေးများအား ယူနစ် (၁) သိန်းအား ဗီတာမင်အေ အပြာတစ်လုံး၊ အသက် (၁၂) လမှ (၅) နှစ်အထိကလေးများအား ယူနစ် (၂) သိန်းအား ဗီတာမင်အေ အနီတစ်လုံး တိုက်ကျွေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)