ပေါင် ဩဂုတ် ၂၈
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ကို ဇူလိုင်လ ၂၉ ရက်နေ့က စတင်ထိုးနှံပေးခဲ့ပြီး ဩဂုတ်လ ၂၇ ရက်နံနက် ၉:၀၀ နာရီက ကာကွယ်ဆေးဒုတိယအကြိမ်ကို ဆေးထိုးစုရပ် (၅)နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ဆေးထိုးစုရပ်များဖြစ်သော ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရှုခန်းမ၊ မုတ္တမကျေးရွာတိုက်နယ်ဆေးရုံ၊ အလှပ်ကျေးရွာတံတားဦးဘုန်ကြီးကျောင်း၊ သဲအိမ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့် ရင်ငြိမ်းကျေးရွာ အ.ထ.က ကျောင်းတို့တွင် ဆရာတော်သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့်အထက် အဘိုး/အဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပြည်သူများစုစုပေါင်း (၉၁၅၈)ဦးတို့ကို ပထမအကြိမ်ထိုးနှံပေးခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ဩဂုတ်လ ၂၆ ရက်နေ့မှစ၍ ဩဂုတ်လ ၃၀ ရက်နေ့အထိ ဆေးထိုးစုရပ် (၅)နေရာ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထိုးနှံပေးပြီး ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကြီးကြပ်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင်(ပြန်/ဆက်)