ဂွ ဩဂုတ် ၂၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော၊ ဆွမ်းဆန်တော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှစုပေါင်း၍ ဆွမ်းဆန်တော်နှင့် ဆီဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက် (၈)နာရီအချိန်တွင် ဂွမြို့၊ သိမ်ကုန်းစေတီတော် ဝန်းအတွင်းရှိ သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များနှင့် သိမ်ကုန်းဂေါပကအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနား တက်ရောက်လာသူများမှ နမောတဿ (၃)ကြိမ် ရွက်ဆို၍ ဘုရားကန်တော့ကြကာ ဂွမြို့နယ် သဒ္ဓမ္မမေဓနီ မြို့မကျောင်းတိုက်မှ မြို့နယ်သံဃနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ သုစိတ္တဓမ္မထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပင့်သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညို ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ဆွမ်းဆန်တော်၊ ဆီနှင့် နဝကံမအလှူငွေများအား ဆက်ကပ်လှူဒါန်းခဲ့ကြကာ ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွက်ဆိုဆုတောင်း၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု အခြေအနေများကြောင့် ဝါတွင်းကာလအတွင်း ဂွမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၄၁)ကျောင်းတို့အား တစ်ကျောင်းလျှင်ဆန်(၁)အိတ်၊ ဆီတစ်လီတာ(၁)ဘူးနှုန်းဖြင့် စုစုပေါင်း အလှူငွေကျပ် (၃၂)သိန်းကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်