နောင်ချို ဩဂုတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ်၌ Pilot Project အစီအစဉ်အရ အဖွဲ့ (၅)ဖွဲ့ ခွဲ၍ ကိုဗစ် -၁၉ရောဂါပိုး ရှိကြောင်း စိစစ်တွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများ အား Rapid Test ဖြင့် စစ်ဆေးမှုများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
နောင်ချိုမြို့နယ်သည့် ကိုဗစ်-၁၉ ရောဂါ အဖြစ်များသည့် Stay at Home မြို့နယ်ဖြစ်ပြီး နေ့စဉ် ပိုး တွေ့မှုနှုန်း မြင့်မားလျက်ရှိကြောင်း၊ ကျေးရွာ၊ ရပ်ကွက်များအတွင်း Pilot Project အစီအစဉ်ဖြင့် ပိုက်စိတ်တိုက် ရှာဖွေဖော်ထုတ်ရန် လိုအပ်ကြောင်း အထက်အဆင့်ဆင့်၏ ညွှန်ကြားချက်ရ အဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထိုသို့လိုအပ်ချက်အရ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများ ၊ ပရဟိတအဖွဲ့များ ပါဝင်သော အဖွဲ့(၅)ဖွဲ့ကို ဩဂုတ်လ ၂၆ ရက် ညပိုင်းတွင်ဖွဲ့စည်းခဲ့ပြီး ယမန်နေ့နံနက် (၉) နာရီအချိန်မှစတင်၍ အဆိုပါအဖွဲ့(၅)ဖွဲ့မှ စုရပ်များဖြစ်သည့် နောင်ချိုမြို့ နယ် ပြည်သူ့ဆေးရုံ၊ အုမ္မခါးအုပ်စု ရွှေညောင်ပင် ဘုန်းကြီးကျောင်း၊ မဲပုတ်ဆေးခန်း၊ အင်းဖို ဆေးခန်း၊ တောင်ရှည်တိုက်နယ်ဆေးရုံတို့တွင် Rapid Test ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၄၀) ဦးရှိကြောင်း စိစစ်တွေ့ရှိခဲ့ရကြောင်း သိရှိ ရသည်။
ကိုဗစ်-၁၉ရောဂါရှိကြောင်း စိစစ်တွေ့ရှိရသူများအား နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံ၊ မြနန်းတော် ဝင်ခန်းမ၊ တောင်ရှည်တိုက်နယ်ဆေးရုံ၊ ရွှေညောင်ပင် ဘုန်းတော်ကြီးကျောင်း၊ မဲပုတ်စာသင်ကျောင်း၊ အင်းဖိုစာကြည့်တိုက်တို့တွင် ကြပ်မတ်ကုသနိုင်ရေး ဆောင်ရွက်ထား ရှိကြောင်း၊ နောင်ချိုမြို့နယ် အနေဖြင့် ယမန်နေ့အထိ အတည်ပြုလူနာ (၁၅၃၉) ဦး၊ သေဆုံးသူ (၂၉) ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၁၀၃၈) ဦး၊ ကုသမှုခံယူနေဆဲ လူနာ (၄၂၇) ဦးရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ထွေးငယ်