ကျိန္တလီမြို့၌ ဒေသန္တရအမိန့် ထုတ်ပြန်ခြင်းအား ပြည်သူများ လိုက်နာမှု ရှိ/မရှိ လှည့်လည် စစ်ဆေး ဆောင်ရွက်


ကျိန္တလီ ဩဂုတ် ၂၇


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ဒေသန္တရအမိန့် ထုတ်ပြန်ခြင်းအား ပြည်သူများလိုက် နာမှုရှိ/မရှိ လှည့်လည်စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်လွဲ ၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ သွားလာခြင်းရှိ/ မရှိ၊ အခြေခံစားသောက်ကုန်၊ ဆေးဝါးပစ္စည်းအရောင်းများမှအပ ကုန်စုံဆိုင်များအနေဖြင့် နံနက် ၅ နာရီမှ ၁၂ နာရီ အထိသာ ရောင်းချရန် ခွင့်ပြုထားသဖြင့် ဖောက်ဖျက်ကျူးလွန်ခြင်းများ ရှိ / မရှိစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။
ဆက်လက်၍ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ စုစုပေါင်းဦးရေ (၆၈၂)ဦး၊ ဆေးရုံဆင်းလူနာ(၅၈၈)ဦး၊ ကုသဆဲလူနာ(၇၈)ဦး၊ သေဆုံးသူ(၁၆)ဦးရှိသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဩဂုတ် ၂၅ ရက်နေ့တွင် ဒေသန္တရအမိန့်အမှတ် ၁/၂၀၂၁ကို ထုတ်ပြန်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ကျိန္တလီ(ပြန်/ဆက်)