တာချီလိတ်မြို့တွင် စံလင်းဖြိုးကုမ္ပဏီမှ လှူဒါန်းသည့် အောက်ဆီဂျင်ထုတ်စက်ကြီးရောက်ရှိ

တာချီလိတ် ဩဂုတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသည့် အတည်ပြုလူနာများ အသုံးပြုနိုင်ရန်အတွက် စံလင်းဖြိုးကုမ္ပဏီမှ လှူဒါန်းသည့် အောက်ဆီဂျင်ထုတ်စက်ကြီးနှင့် ဆက်စပ် ပစ္စည်းများ ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့သည်။

အဆိုပါ အောက်ဆီဂျင်စက်ကြီးသည် တာချီလိတ်မြို့ရှိ စံလင်းဖြိုးကုမ္ပဏီပိုင်ရှင် ဦးအားတီ၊ ဒေါ်ခင်ခင်ထွေးတို့ မိသားစုက တာချီလိတ်မြို့ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများ အောက်ဆီဂျင် လုံလုံ လောက်လောက် အခမဲ့အသုံးပြုနိုင်ရန် နိုင်ငံတော်သို့ လှူဒါန်းခြင်းဖြစ်ပြီး ၎င်းအောက်ဆီဂျင်ထုတ်စက် တပ်ဆင်လည်ပတ်ပါက တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာဆန့် အိုး ၁၈၀ နီးပါးခန့် ထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း သိရသည်။

၎င်းအောက်ဆီဂျင်ထုတ်စက်ကြီးသည် ကမ္ဘာ့အသိအမှတ်ပြု ISO လက်မှတ်(၉၁၀)ကို ရရှိထားပြီးဖြစ်ကာ တရုတ်နိုင်ငံမှ မှာယူ တင်သွင်းခဲ့ပြီး ကျိုင်းတုံမြို့မှ တစ်ဆင့် တာချီလိတ်မြို့သို့ ရောက်ရှိလာခဲ့​ခြင်းဖြစ်၍ အောက်ဆီဂျင်စက်၏ ဆက်စပ်ပစ္စည်းများဖြစ်သည့် အပိုပစ္စည်းကိရိယာများကို သုံးနှစ်စာအတွက် ကြိုတင်ဝယ်ယူထားပြီးဖြစ်ကြောင်း သိရသည်။

အောက်ဆီဂျင်စက်ကြီး တင်ဆောင်လာသည့် မော်တော်ယာဉ်တန်းများအား စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များနှင့် လူမှုကူညီရေး ပရဟိတအသင်းများက တာချီလိတ်မြို့အဝင် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ သွားရောက် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ယခု တာချီလိတ်မြို့သို့ ရောက်ရှိလာသည့် အောက်ဆီဂျင်စက်ကြီးသည် ကျပ်သိန်းပေါင်း(၁၇၀၀) ကျော် တန်ဖိုးရှိပြီး စက်ပစ္စည်းများကို တပ်ဆင်လျက်ရှိကာ မကြာမီရက်အတွင်းတွင် အောက်ဆီဂျင်စက်ကြီးကို စတင်လည်ပတ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် တာချီလိတ်မြို့အတွက်သာမက ရှမ်းပြည်နယ် အရှေ့ပိုင်းရှိမြို့များသို့ အခမဲ့ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

ယာဆေး