မော်လမြိုင် သြဂုတ် ၂၇
မွန်ပြည်နယ် ကုသရေးဦးစီးဌာန လက်အောက်ရှိ မြို့နယ်ဆေးရုံအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်းကာလအတွင်း လူနာများအား ကာကွယ်၊ ကုသရေးလုပ်ငန်းများအပြင် ပုံမှန်ဆေးရုံလုပ်ငန်းများကို လည်း အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လတို့၌ ဆေးရုံလုပ်ငန်း များ အကောင်းဆုံးဆောင်ရွက်ပေးနိုင်သည့် မြို့နယ်အဆင့် ဆေးရုံဆုနှင့် တိုက်နယ် အဆင့်ဆေးရုံဆုများကို ရွေးချယ်ချီးမြှင့်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ဆေးရုံ(၉)ခုနှင့် တိုက်နယ်ဆေးရုံ (၂၉)ခုတို့၏ ဆေးရုံအညွှန်းကိန်း နှိုင်းယှဉ်ဖော်ပြချက်များ၌ ကိုဗစ်-၁၉ လူနာတက်ရောက်ကုသမှုအရေအတွက်ကို ထည့်သွင်းဖော်ပြခဲ့ရာ မြို့နယ်အဆင့် အကောင်းဆုံးစွမ်းဆောင်နိုင်သော ဆေးရုံဆုကို သံဖြူဇရပ် မြို့နယ်ဆေးရုံနှင့် တိုက်နယ် အဆင့် အကောင်းဆုံးစွမ်းဆောင်နိုင်သော ဆေးရုံဆုကို ပေါင်မြို့နယ် အလှပ်တိုက်နယ်ဆေးရုံတို့မှ ရရှိသည်။
အဆိုပါ ဆုရရှိသည့် သံဖြူဇရပ်မြို့နယ်ဆေးရုံသည် ကိုဗစ်-၁၉ လူနာ(၁၅၇၃)ဦးအား ကုသပေးခြင်း၊ လူနာ တစ်ဦးအတွက် ပျမ်းမျှဆေးရုံတက်ရက်ပေါင်း (၃)ရက်ခန့်ရှိခြင်း၊ တစ်လအတွင်းလူနာ ခုတင်(၁)ခုကို လူနာ ဦးရေ စုစုပေါင်း(၁၄)ယောက်သာ တက်ရောက်ကုသခြင်း၊ ခုတင်တစ်ခုတွင် လူနာမရှိသော ရက်မရှိဘဲ ခုတင်အပိုများကြားထိုး၍ ကုသခြင်းများကြောင့် ဆေးရုံခွင့်ပြုခုတင်အသုံးပြုမှု ရာခိုင်နှုန်းမှာ အခြား မြို့နယ်ဆေးရုံများထက် များပြားသော်လည်း ဆေးရုံလုပ်ငန်းများအနေဖြင့် အကောင်းဆုံးဆောင်ရွက်နိုင် သည့် ဆေးရုံတစ်ခုဖြစ်သဖြင့် ရွေးချယ်ခြင်းဖြစ်ပြီး အလားတူ ပေါင်မြို့နယ် အလှပ်တိုက်နယ်ဆေးရုံသည် Hospital Performance အနေဖြင့် အကောင်းမွန်ဆုံး ဆောင်ရွက်နိုင်သော တိုက်နယ်ဆေးရုံဖြစ်သည့် အတွက် ဆုများကို မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။