တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ အစီအစဉ်ဖြင့် တာချီလိတ်မြို့ရှိ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

တာချီလိတ် ဩဂုတ် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၏ အစီအစဉ်ဖြင့် တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း တာဝန်ရှိသူများနှင့် ပါဝင်ကူညီလုပ်အားပေးခဲ့ကြသော လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များအား အခြေခံ စားသောက်ကုန်များကို ယမန်နေ့က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ ကိုဗစ်-၁၉ Quarantine Center များတွင် တာဝန်ရှိသူများနှင့်အတူ ပါဝင်လုပ်အားပေးကူညီပေးခဲ့ကြသော မေတ္တာရှင်လူမှုကူညီရေးအသင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း၊ အလင်းရောင် ပရဟိတရအသင်း၊ တာချီလိတ် နာရေး ကူညီမှုအသင်းတို့မှ လုပ်အားပေးလျက်ရှိသော လူ(၃၀၀)ဦးအတွက် ဆန်အိတ် (၃၀၀)နှင့် အခြေခံစားကုန်များကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ထောက်ပံ့ရာတွင် တိုင်းစစ်ဌာနချုပ်ကိုယ်စား စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့် တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ရဲမှုးကြီး ဦးရဲနိုင်အောင်၊ တာချီလိတ်မြို့ဘက်စုံံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနေဦးနှင့် အဖွဲ့ဝင်များက စီစဉ်၍ ထောက်ပံ့ပေးခဲ့ပြီး ပရိဟိတအဖွဲ့မှ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြကြောင်း သိရှိရသည်။