ကျိုင်းတုံ ဩဂုတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ပရဟိတလူငယ်များမှ ကိုဗစ်-၁၉ ကာလတွင် ပြည်သူ များ ခက်ခဲမှုမရှိစေရေး လိုရင်ယူ ပိုရင်လှူအစဉ်ကို ယမန်နေ့က ကျိုင်းတုံမြို့၊ လွယ်မွေလမ်း၊ ပါလျံမြို့ရိုးတံခါးအနီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် အညီပြုလုပ်ခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့ အလှူရှင်များ၏ လှူဒါန်းပေးမှုဖြင့် ပရဟိတလူငယ်များမှ ကိုဗစ်-၁၉ ကာလတွင် ပြည်သူများ ခက်ခဲမှုမရှိစေရေးအတွက် နေအိမ်ပြင်ပသို့ ဈေးဝယ်ထွက် လာသူများအား ဟင်းသီးဟင်းရွက်များ အခမဲ့ ပေးလှူခြင်းနှင့် နှာခေါင်းစည်း(Mask)များအခမဲ့ ဖြန့်ဝေပေးခဲ့ပြီး အဆိုပါ အစီအစဉ်ကို ဆက်လက်ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ကျိုင်းတုံပရဟိတ လူငယ်များသည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
အလားတူ ကျိုင်းတုံမြို့ စေတနာရှင်ပြည်သူများ၏ လှူဒါန်းမတည်ပေးမှုဖြင့် ကိုဗစ်-၁၉ ကာလ တွင် ပြည်သူများ ခက်ခဲမှုမရှိစေရေး ပါလျံဘုန်းတော်ကြီးကျောင်းအနီး၊ လွယ်မွေလမ်းတွင် လိုရင်ယူ၊ ပိုရင်လှူ အစီအစဉ်များကို ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)