ပျဉ်းမနား ဩဂုတ် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်း တိုက်တွင် သီတင်းသုံးလျက်ရှိသော ရဟန်းသာမဏေများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ရှိ အဆိုပါကျောင်းတိုက်တွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင် နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး တက်ရောက်လာကြသူများက ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူဆောက်တည်ကြ သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဇော်ဖြိုး(ပြန်/ဆက်)