ပင်းတယ သြဂုတ်လ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဇူလိုင် ၃၀ ရက်နေ့က အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအပါအဝင် ဦးစားပေးအစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးထားသူ (၂၆၂) ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို သြဂုတ်လ ၂၇ ရက်နေ့တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို ပင်းတယမြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမနှင့် ဓနုမြေဘိုးဘွားရိပ်သာတို့တွင် နံနက် ၉ နာရီမှ စတင်၍ ထိုးနှံပေးသွားမည်ဖြစ်ပြီး ဆေးထိုးရန် လာရောက်သူများကို ကာကွယ်ဆေးထိုးပြီးစီးကြောင်း ကတ်ပြားများ ထုတ်ပေးနိုင်ရန်အတွက် မှတ်ပုံတင်ကတ်များ ယူဆောင်လာရန်နှင့် လုံခြုံရေးအရ လက်ကိုင်ဖုန်းသာ ယူဆောင်လာပြီး အခြားအပိုပစ္စည်းများ ယူဆောင်လာမှုမရှိရန် နှိုးဆော်ထားကြောင်း သိရသည်။