ဒလမြို့နယ် အဝေးပြေးကားဝန်း၌ ခရီးသည်များ သွားလာရေး အဆင်ပြေချောမွေ့စေရေး ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲ

ရန်ကုန်    သြဂုတ်   ၂၅

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အဝေးပြေးကားဝန်း၌ ဧရာဝတီတိုင်းဒေသကြီးအခြေပြု ပြေးဆွဲပေး နေသော အဝေးပြေးယာဉ်လိုင်းများနှင့် ရန်ကုန်တိုင်းဒေသကြီးအခြေပြု ပြေးဆွဲပေးနေသော ယာဉ်လိုင်းများ အနေဖြင့်   အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း ယနေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ဒလမြို့နယ်ရုံးခွဲမှ သိရသည်။

ထိုသို့ ပြေးဆွဲပေးရာတွင် ဧရာဝတီတိုင်း‌ဒေသကြီးအခြေပြု ပြေးဆွဲပေးနေသော (ဒေးဒရဲ-ဒလ)  ရွှေမြန်မာ ယာဉ်လိုင်း၊  (မအူပင်-ဒလ) ယာဉ်လိုင်များဖြစ်သည့် ပန်းရိုးမ ၊ ကောင်းထက်သူ/ရွှေလမင်း ၊ တိုးဧရာ၊ မြစ်ဧရာကျော်နှင့် (ဖျာပုံ-ဒလ) ယာဉ်လိုင်းများဖြစ်သည့် ရာသက်ပန်၊  အောင်စစ်သည်စသည့် အဝေးပြေး ယာဉ်လိုင်း ၇ လိုင်း အနေဖြင့် နေ့စဉ် ပုံမှန်ပြေးဆွဲပေးလျက်ရှိပြီး၊ ရန်ကုန်တိုင်းဒေသကြီးအခြေပြု၍ ပြေးဆွဲပေးနေသော ယာဉ်လိုင်းများအနေဖြင့် ထက်အောင်ကျော် (ဒလ-ဖျာပုံ) ခရီးစဉ် ၊ ပိုင်ဧရာ (ဒလ-ကျိုက်လတ်)ခရီးစဉ်၊ ရွှေသူဌေး (ဒလ-ဖျာပုံ) ခရီးစဉ်၊ ထာဝရ (ဒလ-ဖျာပုံ) ခရီးစဉ်၊  ရွှေခြံသား (ဒလ-ဖျာပုံ) ခရီးစဉ် စသည့် ယာဉ်လိုင်း ၅ လိုင်းမှာ   ခရီးသည်များ သွားလာရေးအဆင်ပြေစေရေးအတွက်  နေ့စဉ်ပုံမှန် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။

“ ကျွန်တော်တို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် ခရီးသည်သွားလာမှုက နည်းတယ်၊ အရင်လို ပုံမှန်ခရီးသည်မရတော့ဘူး၊ ခုတတိယလှိုင်း ကာလမှာ ကိုဗစ် စည်းကမ်းနဲ့အညီ ခရီးသည် ၅ ဦးနှုန်းနဲ့ တင်ရတယ်၊  ခရီးသည်တွေ နည်းပေမယ့်လည်း သွားလာရေး အဆင်ပြေအောင် ပြေးဆွဲပေးနေပါတယ် ” ဟု ဧရာဝတီတိုင်းအခြေပြု ပြေးဆွဲနေသော ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦး က ပြောပြသည်။

ထို့အတူ ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်းမြို့နယ်များနှင့် လှိုင်သာယာမြို့နယ်တို့သို့ ပြေးဆွဲပေးနေသော YBS 47 (တွံတေး-လှိုင်သာယာ)၊   YBS 48 (တွံတေး-ဒလ)  ၊  YBS 49 (ကွမ်းခြံကုန်း-လှိုင်သာယာ)၊ YBS 50 (ကွမ်းခြံကုန်း-ဒလ) ယာဉ်များအနေဖြင့် နေ့စဉ် ကားလေးအစီးရေ ၁၂၀ ကျော်၊ microbus မိုက်ခရိုဘတ်(စ်)ကားအစီးရေ ၁၂ ခန့် နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားနေသော ကာလမှ စတင်၍ ကားတစ်စီးလျှင် ခရီးသည် ၅ ဦးနှုန်းဖြင့်   နေ့စဉ် ခရီးသည် ၆၀၀ ကျော်ခန့် ပြေးဆွဲပို့ဆောင် ပေးလျက်ရှိကြောင်း (YRTC) ဒလမြို့နယ်ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အခြေပြု‌ပြေးဆွဲနေသော ယာဉ်လိုင်းများအနေဖြင့် တစ်ရက်ပျှမ်းမျှ ခရီးသည် ၁၂၀ ကျော် နှင့်  ရန်ကုန်တိုင်းအခြေပြု၍ ပြေးဆွဲပေးသော ယာဉ်လိုင်းများအနေဖြင့် ခရီးသည် ၆၀၀ ကျော် ပို့ဆောင်ပေးလျက်ရှိရာ ခရီးသည်များ အဆင်ပြေစေရေးအတွက် ယာဉ်များအား ပုံမှန်ပြေးဆွဲပေး လျက်ရှိကြောင်း သိရသည်။

ဒလမြို့နယ် အဝေးပြေးကားဝန်း၌ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အခြေပြုပြေးဆွဲ နေသော ယာဉ်လိုင်းပေါင်း ၂၃ လိုင်းရှိပြီး၊ ယာဉ်အစီးရေပေါင်း ၂၉၄ စီးရှိကြောင်းသိရသည်။

 နိုင်လင်းကျော်(IPRD)