တပ်ကုန်း ဩဂုတ် ၂၅
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ် နိုင်ရေး Stay at Home ကာလအတွင်း နေအိမ်အပြင်ထွက်ခွာသွားလာသူများအား ပြင်ပထွက်ခွာ သွားလာခွင့်ထောက်ခံစာဖြင့် သွားလာရေးအသိပေး၊သတိပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈နာရီခွဲက မြို့တွင်းရန်ကုန်-မန္တလေးကားလမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပေး၊သတိပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ယာယီရဲမှူးတင်အောင်မိုးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရဦးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက နေအိမ်မှအပြင်ထွက်ခွာလာသည့် စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် ကားများ စီးနင်းလာသောပြည်သူများကို နေအိမ်ပြင်ပထွက်ခွာသွားလာရေး ထောက်ခံစာ ပါ/မပါ စစ်ဆေးခဲ့ပြီး၊ မပါရှိပါက မိမိနေထိုင်သောရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိသူများ ထံမှ သွားရောက်ဆောင်ရွက် ကြရန်၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများ လိုက်နာ ဆောင်ရွက်ရန် ရှင်းလင်းပြောကြားပေးခဲ့ သည်။
တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေး Stay at Home ကာလအတွင်း Check Point (၈)နေရာနှင့်လှည့်လည်စစ်ဆေးရေးအဖွဲ့(၁)ဖွဲ့ဖြင့် စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်