တာချီလိတ်မြို့တွင် လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားနေရပ်ပြန် ပြည်သူ(၄၉၅)ဦးအား တာဝန်ရှိသူများကနွေးထွေးစွာ ကြိုဆိုလက်ခံ

တာချီလိတ်    ဩဂုတ်    ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှလွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား  နေရပ်ပြန်ပြည်သူ(၄၉၅)ဦးအား ယမန်နေ့၌တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြောင်း  သိရသည်။

အဆိုပါ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် နေရပ်ပြန်ပြည်သူများကို တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test kit စနစ်ဖြင့် စစ်ဆေးပေးခဲ့ရာ စစ်ဆေးချက်အဖြေအရ နေရပ်ပြန်ပြည်သူ(၁၉)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့သည်။

၎င်း ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့်နေရပ်ပြန်ပြည်သူများအား ဝမ်လုံးအသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာ၌  ပို့ဆောင်ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၄၉၅)ဦးမှ ရောဂါပိုးမတွေ့ရှိသည့် နေရပ်ပြန်ပြည်သူ (၄၇၆)ဦးတို့အား သက်ဆိုင်ရာ   တိုင်းဒေသကြီး/ပြည်နယ်များသို့  ရောက်ရှိနိုင်ရေးအတွက်စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော် နှင့် အဖွဲ့ဝင်များ၊ မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ဝင်များက အခမဲ့ မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ ပေးအပ်ခြင်းနှင့် လိုအပ်သည်များကူညီဆောင်ရွက်ပေးပြီး နေရပ်ပြန်ပြည်သူများကို အားပေးစကား ပြောကြားခဲ့ကာ နေရပ်အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)