မာန်အောင် သြဂုတ် ၂၅
ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ယနေ့နံနက်ပိုင်းက ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေလှအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မာန်အောင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ကိုဗစ်-၁၉ ဖြစ်ပွားနေမှုကြောင့် ဝါတွင်းကာလ ဆွမ်းခံမကြွရောက်နိုင်သည့် ဝါဆိုသံဃာတော်များနှင့် သီလရှင်များ အတွက် လိုအပ်သော ဆွမ်းများဆက်ကပ်နိုင်ရေး လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။
မာန်အောင်မြို့ပေါ်အတွင်း သံဃာတော်များ သီတင်းသုံးနေကြသည့် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းနှင့် သာသနာ့အနွယ်ဝင် သီလရှင် ကျောင်း(၁)ကျောင်း စုစုပေါင်း(၄)ကျောင်းရှိ သံဃာတော်နှင့် ရှင်သာမဏေ(၂၄)ပါးနှင့် သီလရှင်(၁၁)ပါးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်သိန်း(၂၀)တန်ဖိုးရှိ ပေါ်ဆန်းမွှေးဆန် အိတ်(၁၉)အိတ်၊ ဆီ( ၃၅)ပိဿာ၊ ဝတ္တုငွေများနှင့် စေတနာရှင် အလှူရှင်များက လှူဒါန်း သည့် ကြက်ဥစသည့် လှူဖွယ်ဝတ္ထုပစ္စည်းများအား သွားရောက် လှူဒါန်းပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းထား သည့် အောက်ဆီဂျင် ၄၀လီတာ အိုး(၂၅)လုံးအား မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစောမင်းထံ လွှဲပြောင်းလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
သိန်းဖေ