ဟိုပုံးမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေး

ဟိုပုံး  ဩဂုတ် ၂၅

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ တိလုံကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့"ဆောင်ပုဒ်ဖြင့်  ပန်းခင်းစီမံချက် အစီအစဉ်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ဆောင်ရွက်ပေးခဲ့သည်။

          ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုလင်းနှင့် ဝန်ထမ်းများက ကျန်ရှိသော ကျေးရွာအုပ်စုများတွင် အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြားနှင့် အသက် ၁၈ နှစ်နှင့်အထက် ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊  ပျက်စီး/ပျောက်ဆုံး သူများကို  မိတ္တူပြုလုပ်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ မပြုလုပ်ရသေးသည့် ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။