ကျောက်မဲမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာများနှင့် လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိသူ ၅ ဦးတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများထောက်ပံ့

ကျောက်မဲ   ဩဂုတ်  ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း ၅ ခု၌ ‌ရောက်ရှိ ခိုလှုံနေသည့် တိုက်ပွဲရှောင်ပြည်သူ ၆၀၄ ဦးတို့အတွက် ထောက်ပံ့ရန် ဆန်ရိက္ခာဖိုးငွေနှင့် လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိသူ ပြည်သူ  ၅ ဦးအတွက် ထောက်ပံ့ငွေများကို   ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျောက်မဲခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်တိုက်ပွဲရှောင် ကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ တိုက်ပွဲရှောင်ကော်မတီဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက လက်ခံရယူခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဩဂုတ် ၁၁ ရက်နေ့မှစ၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဟူးဆွန်ကျေးရွာ ဇရပ်၊ မိုင်းတင်းကျေးရွာအုပ်စု ၊ နမ့်စော့ကျေးရွာ စာသင်ကျောင်း၊ မိုင်းတင်းကျေးရွာစာသင်ကျောင်း၊ ကျူရှော(မြောက်) ကျေးရွာဘုန်းကြီးကျောင်းနှင့် မိုင်းလုံမြို့၊ မြို့မဘုန်းကြီးကျောင်းစသည့် တိုက်ပွဲရှောင် စခန်း ၅ ခုတို့၌ အိမ်ထောင်စု ၁၉၂ စု ၊ လူဦးရေပေါင်း ၆၀၄ ဦး ရောက်ရှိ တိမ်းရှောင်ခိုလှုံနေလျက်ရှိပြီး ၎င်းတို့အတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ထောက်ပံ့ငွေကျပ်  ၁၂၆၈၄၀၀/-(တစ်ဆယ့်နှစ်သိန်း ခြောက်သောင်းရှစ်ထောင်လေးရာကိုလည်းကောင်း၊ ဩဂုတ် ၁၇ ရက်နေ့နှင့် ဩဂုတ် ၁၈ ရက်နေ့က ပန်ကွမ်(ရွာမ) အတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲရာမှ လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ကိုရင် ၁ ပါး၊ သီလရှင် ၁ ပါးနှင့် လူ ၃ ဦး စုစုပေါင်း ၅ ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀/- (ကျပ်ငါးသောင်း)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၂၅၀၀၀၀/- ကျပ်(နှစ်သိန်းခွဲ)တို့ကိုလည်းကောင်း  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ် တိုက်ပွဲရှောင်ကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အ‌ရောက် မြို့နယ်တိုက်ပွဲရှောင်ကော်မတီမှ ဆက်လက်သွားရောက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် တိုက်ပွဲရှောင်ပြည်သူများ အတွက် ဆန်ရိက္ခာများကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)