ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့်လိုက်လံ အသိပေးနှိုးဆော်

ပုဗ္ဗသီရိ   ဩဂုတ်  ၂၄

ပုဗ္ဗသီရိတပ်နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးစီး၍ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပုဗ္ဗသီရိတပ်နယ်မှ တပ်ဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ် ထုံဘို(မြို့မ) ရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း လူစည်ကားရာနေရာများ၊ ဈေးများနှင့် ရပ်ကွက်များတွင် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။

ထိုသို့အသိပေးနိုးဆော်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များကို လိုက်နာရေးနှင့် Mask စနစ်တကျ မတပ်ဆင်ခြင်းနှင့် လူစုလူဝေးပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများအား နှောက်ယှက် တိုက်ခိုက်နေသောအကြမ်းဖက်သမားများ ဖမ်းဆီးရမိရေး ပြည်သူများပူးပေါင်းပါဝင်ရေး အသိပညာပေး နှိုးဆော်ချက်များကို  အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ဖြစ်ပွားနေစဉ်ကာလအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနည်းလမ်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)