ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေး ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်

ကျောက်ဖြူ  သြဂုတ်  ၂၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရက္ခိတရင်ခွင်သာရေးနာရေးအသင်းမှ ပရဟိတအဖွဲ့ဝင်များပူးပေါင်းကာ မြို့ပေါ် ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွနေရာများသို့သွားရောက်၍  အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် ယခုအခါ ကျောက်ဖြူမြို့နယ်အတွင်းတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများမှာ နေ့စဉ်များပြားလာလျက်ရှိပြီး သေဆုံးသူ ၃၆ ဉီး အထိရှိနေပြီဖြစ်၍ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက် များနှင့်အညီ နေအိမ်ပြင်ပသို့ထွက်ခွာလျှင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက် ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ စသည့် လက္ခဏာများဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန် ဆုံးသွား‌ရောက် ပြသကြရန်လိုအပ်ကြောင်း လိုက်နာရမည့်စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ဈေးများနှင့် လမ်းဆုံလမ်းခွ နေရာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခဲ့သည်။

ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉  ရောဂါ ကူးစက်မှု လျော့နည်းလာစေရန်အတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များမှ မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့်လှည့်လည်၍ အသိပေးနှိုးဆော်ခြင်းများ၊ နှာခေါင်းစည်း အခမဲ့ဝေငှပေးခြင်းများ၊ မြို့အဝင်/အထွက်နေရာများ၌ စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ ခရီးသွားရာဇဝင်မေးမြန်းပြီး စစ်ဆေးမှတ်တမ်းတင်ခြင်းများ၊ ဈေးများအား နေ့တစ် ဝက်သာ ဖွင့်လှစ်ရောင်းချစေခြင်းများ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းများ၊ ပိုးသတ်ဆေးဖြန်းပေးခြင်းများ အစရှိသည့် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း