မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်တွင် ဒေသခံများ စုပေါင်း၍ ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိသည့် စည်သူချောင်းကူးတံတား ပြီးစီး

မိတ္ထီလာ  သြဂုတ် ၂၄

 မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်တွင် ဒေသခံများ စုပေါင်း၍ ပြန်လည်ပြုပြင်တည်ဆောက် လျက်ရှိသည့်   စည်သူချောင်းကူးတံတား  ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်အတွင်းရှိ နယ်မြေ (၁၁)၊ နယ်မြေ(၁၂)နှင့် နယ်မြေ(၁၃)တို့မှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလျက်ရှိသော စည်သူချောင်းကူးတံတားကို ၂၀၁၀ ခုနှစ်က သစ်သား တံတားဖြစ် တည်ဆောက်ထားရှိသော်လည်း ၎င်းတံတားမှာ တဖြည်းဖြည်းယိုယွင်းပျက်စီးလာခဲ့ရာ တံတား ပေါ်ဖြတ်သန်းသွားလျက်ရှိသူများအား အန္တရာယ်ဖြစ်မည်စိုးရိမ်၍ အဆိုပါရပ်ကွက်အတွင်းရှိ ရပ်ကွက်နေ ပြည်သူများမှ စုပေါင်း၍ ဇူလိုင်လ ၁၉ ရက်နေ့မှ စတင်ပြီး အရှည် ၁၅ ပေ ၊ အကျယ် ၁၁ ပေခွဲ ၊ အမြင့် ၆ ပေရှိ သံကူကွန်ကရစ်တံတားကို တည်ဆောက်လျက်ရှိရာ ၎င်းတံတားပြုပြင်တည်ဆောက်မှုလုပ်ငန်း  ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတံတား တည်ဆောက်ပြီးစီး၍ အောင်ဇေယျာရပ်ကွက်အတွင်းရှိ နယ်မြေ (၁၁)၊ နယ်မြေ (၁၂) နှင့် နယ်မြေ(၁၃)တို့မှ ဒေသခံပြည်သူများ အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)