တောင်ကြီး သြဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် စိန်ပန်းရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက်ရှိ ကိုဗစ်-၁၉ ရောဂါလူနာများနှင့် ထိတွေ့မိသူများ၊ ကိုဗစ်-၁၉ရောဂါ သံသယရှိသူများအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၉ နာရီ က အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေး ခန်းမ၌ စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ထို့သို့ RDT Test Kit ဖြင့် စစ်ဆေးပေးရာတွင် တောင်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပရဟိတအသင်းများပါဝင်သော အဖွဲ့များက RDT Test Kit စစ်ဆေးသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး တောင်ကြီးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)