စဉ့်ကိုင်မြို့နယ်၌ (CERP) စီမံချက်အရ ၀က်မွေးမြူရေးသင်တန်း ဖွင့်လှစ်

စဉ့်ကိုင် သြဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော (CERP) စီမံချက်အရ ၀က်မွေးမြူရေးသင်တန်းကို  ယနေ့နံနက် (၁၀) နာရီက အဆိုပါရုံးခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ  ကိုဗစ်-၁၉ ၏ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေး (CERP) စီမံချက်အရ ပြည်သူများ  စီးပွားရေးအဆင်ပြေစေရန်ရည်ရွယ်၍ ၀က်မွေးမြူရေးသင်တန်း ဖွင့်လှစ်ခြင်းဖြစ်ပြီး   သင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာ ၀င်းညွန့်လှိုင်က ၀က်မွေးမြူရာတွင် ထုတ်လုပ်မှုကောင်းမွန်သည့်၀က်မျိုးများ ရွေးချယ်မွေးမြူရန်နှင့် မွေးမြူရမည့် နည်းစနစ်များ ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးတင်မောင်၀င်းက ၀က်မွေးမြူရာတွင် မကျန်းမာသော ၀က်တွင်တွေ့ရသော လက္ခဏာများ၊ ၀က်တွင်ဖြစ်ပွားတတ်သော လက္ခဏာများနှင့် ကာကွယ်ရန်နည်းလမ်းများကို  သင်ကြားပို့ချခဲ့ပြီး  သင်တန်းသား၊ သင်တန်းသူများ နှင့် အပြန်အလှန်ဆွေးနွေးခြင်းများဖြင့် စနစ်တကျသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို  မြို့နယ်မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနရုံးနှင့် သစ်ခေါက်ရှေ့တန်းစခန်း၊ ဘယ်လင်းရှေ့တန်းစခန်း၊ ညောင်ပင်ကြီးရှေ့တန်းစခန်းနှင့် အုန်းပင်ခြံရှေ့တန်းစခန်း စုစုပေါင်း (၅) နေရာ  ဖွင့်လှစ်ပေးလျက်ရှိပြီး  ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ သင်တန်းကို ရှေ့တန်းစခန်းတစ်ခုလျှင် သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးဖြင့် သင်ကြားပို့ချလျက်ရှိရာ သင်တန်းကာလမှာ သြဂုတ်လ (၁၂) ရက်နေ့ မှ သြဂုတ်လ (၁၄) ရက်​နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအား အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ရန်နှင့် လိုက်နာ ဆောင်ရွက်ရမည့်အချက်များ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်ပြန်/ဆက်)