ကျောက်ပန်းတောင်း၌ ကျေးရွာ(၁၄)ရွာနှင့် ရပ်ကွက်(၈)ခုမှ အိမ်ထောင်စု (၂၂၉၉)စုအား ဒုတိယအကြိမ်ဆန်နှင့် မီးဖိုချောင်သုံး စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်း

ကျောက်ပန်းတောင်း ဩဂုတ် ၂၃

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပရဟိတလူငယ်များစုပေါင်း၍ မြို့မိမြို့ဖများလှူဒါန်းမှုဖြင့်  ဒုတိယအကြိမ်မြောက် ဆန်နှင့် မီးဖိုချောင်သုံး စားသောက် ဖွယ်ရာများ ထောက်ပံ့လှူဒါန်းခြင်းကို၊ ယမန်နေ့ နံနက် (၉)နာရီမှ ညနေ(၅)နာရီအထိ ကျေးရွာများသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့တွင် ဝါသနာတူ ပရဟိတလူငယ်များ စုပေါင်းဆောင်ရွက်နေသည့်   အခြေခံ လူတန်းစားများအတွက် ဆန်နှင့် မီးဖိုချောင်သုံး ကုန်စိမ်းများ ထောက်ပံ့လှူဒါန်းခြင်းကို၊ (၈-၈-၂၀၂၁)ရက်နေ့က ပထမအကြိမ်ဆောင်ရွက်ခဲ့ပြီး၊ ထပ်မံရရှိသည့် အလှူငွေများဖြင့် ယမန်နေ့တွင် ကျေးရွာ(၁၄)ရွာနှင့် မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်တို့မှ ထောက်ပံ့ရန်လို အပ်သည့် အိမ်ထောင်စုများကို ဆန်၊ ကြက်ဥ၊ယန်ယန်ခေါက်ဆွဲထုပ်နှင့် ပန်းမုံလာ၊ ဂေါ်ဖီ၊ ရွှေဖယုံသီး၊ ဂေါ်ရခါးသီး၊ ခရမ်းသီး၊ အားလူး၊ ကြက်သွန်၊ ခရမ်းချဉ်သီး အစရှိသည့် မီးဖိုချောင်သုံး စားသောက်ဖွယ်ရာများကို ဒုတိယအကြိမ်မြောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

“ ကျွန်တော်တို့ ဒီနေ့လှူတာက ဒုတိယအကြိမ်ပေါ့ဗျ…တကယ်အခက်အခဲရှိတဲ့ ရွာတွေကို ဆက်သွယ် အကူအညီတောင်ခံကြဖို့ ကျွန်တော်တို့ ဖုန်းနံပါတ်နဲ့ လူမှုကွန်ရက်မှာ တင်လိုက်တော့ အကူအညီတောင်းလာတဲ့ရွာတွေက တော့များတယ်ဗျ…. အဲ့ဒီအထဲကမှ တကယ်ကို မဖြစ်မနေ လှူရမဲ့ရွာ (၁၄)ရွာကို ရွေးပြီး… ရွာအထိ ရောက်အောင်သွားပြီး ပရဟိတအဖွဲ့ကနေတတဆင့်လှူတာပါ…။မြို့ပေါ်ရပ်ကွက်တွေကတော့ ပထမအကြိမ်လည်း လှူပြီးသားဆိုတော့…ဒီတစ် ကြိမ်က ရပ်ကွက်(၈)ရပ်ကွက်ကိုပဲ ရွေးပြီး၊ တစ်ရပ်ကွက်ကို (၁၅၀)စိစစ်ပြီးထောက်ပံ့ပေးခဲ့ပါတယ်…။ နောက်…စာသင်တိုက်တွေကိုလည်း လှူဒါန်း ခဲ့ပါတယ်….။တန်ဘိုးအနေနဲ့ကတော့ ဆန်(၄၂)အိပ်က သိန်း(၂၀)၊ ကြက်ဥနဲ့ ကုန်စိမ်း တန်ဘိုးက ငွေ ကျပ် (၂၅)သိန်းဆိုတော့ စုစုပေါင်း (၆၅)သိန်းဘိုးလောက်ရှိပါတယ်…။ တတိယအကြိမ်အတွက်ကတော့ အလှူခံရဦးမှာပါ… အလှူခံရရှိတဲ့အပေါ်မူတည်ပြီး ကျွန်တော်တို့က ကြိုးစားပေးသွားမှာပါ…” ဟု ကိုဖိုးသက်(အားကြီးပေါ ကားပစ္စည်းဆိုင်)က ပြောပါသည်။

ပရဟိတ လူငယ်များအနေဖြင့် စိတ်တူကိုယ်တူ စုပေါင်းကာ မိမိတို့ဖြည့်ဆည်းပေးနိုင်သည့် ဘက်မှနေ၍ အများပြည် သူအကျိုးအတွက် ဆောင်ရွက် နေခြင်းဖြစ်ရာ၊ မြို့ပေါ်နှင့် ရပ်နီး/ရပ်ဝေးမှ အလှူရှင်များက သဒ္ဒါတရားထက်သန်စွာ ဆန်နှင့်အလှူငွေများ ပေးပို့လှူဒါန်းကြကြောင်းသိရပြီး၊ ရရှိသည့်အလှူငွေဖြင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့အထိ ကုန်စိမ်းများကို သွားရောက်ဝယ်ယူကြရကြောင်းသိရသည်။

ယခု ဒုတိယအကြိမ် လှူဒါန်းမှုတွင် ကျေးရွာ(၁၄)ရွာမှ အိမ်ထောင်စု(၉၈၄)စုနှင့် မြို့ပေါ်ရပ်ကွက်များမှ အိမ်ထောင်စု(၁၃၁၅)စု၊ စုစုပေါင်း အိမ်ထောင်စု(၂၂၉၉)စုအတွက် လှူဒါန်းခဲ့ ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)