ချီဖွေမြို့ တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ အသိပညာပေးနှင့် ကျန်းမာရေး စစ်ဆေးမှုဆောင်ရွက်

ချီဖွေ မတ် ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ပင်စင် လစာများ ထုတ်ယူသည့် အငြိမ်းစား ဝန်ထမ်းများအား ကျန်မားရေး စစ်ဆေး ဆောင်ရွက်မှုကို ယမန်နေ့နံနက် ၁၀နာရီက ချီဖွေမြို့နယ် မြန်မာစီးပွားရေးဘဏ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ အသိပညာပေးနှင့် ကျန်းမာရေး စမ်းသပ်စစ်ဆေး ဆောက်ရွက်လျက်ရှိသည်။

အဆိုပါ စမ်းသပ်စစ်ဆေးခြင်းကို ပင်စင်လစာများ လာရောက်ထုတ်ယူသည့် နယ်အသီးသီးက အငြိမ်းစား ဝန်ထမ်းများ၊ မြို့ပေါ်ရှိ အငြိမ်းစား ဝန်ထမ်းများ တစ်ဦးချင်းစီအား  အပူချိန်တိုင်းတာခြင်း၊ သွေးတိုးနှင့် အခြားရောဂါများ စမ်းသပ် စစ်ဆေးဆောင်ရွက်ခြင်းနှင့် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ အကြောင်းကို ဒေသခံ တိုင်းရင်းသားများ ဖတ်ရှုလေ့လာသိရှိနိုင်စေဖို့ မြန်မာ-ကချင် နှစ်ဘာသာဖြင့် ရေးသား ပြုစုထားသော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန် ဆောင်ရန် ရှောင်ရန် နည်းလမ်းများနှင့် ဘဏ်အဝင်၌ “၂ မိနစ်ခန့် လက်ဆေးခြင်းဖြင့် ရောဂါ ကာကွယ်ကြပါစို့” အသိပညာပေး ဆောင်ပုဒ်များ ထားရှိကာ လိုက်နာ ကျင့်သုံးရမည့် အချက်အလက် များကို ရှင်းလင်းပြောကြားခဲ့ပြီး ပင်စင်လစာများ လာရောက်ထုတ်ယူသည့် အငြိမ်းစား ဝန်ထမ်းများ အား ကျန်းမာရေး စစ်ဆေး စောင့်ရှောက်မှုကို ပင်စင် လစာထုတ် နောက်ဆုံးရက် အထိ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျန်းမားရေးဦးစီးဌာန မြို့နယ် သူနာပြု အဆင့် ၁ ဒေါ်ဝင်းမာလေး က ပြောကြားခဲ့သည်။

ပင်စင်စား ဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးသည့် လ၏ ၂၁ ရက်နေ့ ဖြစ်သော်လည်း ယခုလတွင် ရုံးပိတ်ရက်ဖြစ်သောကြောင့် မတ်လ ၂၃ရက် ဘဏ်ဖွင့်ရက်တွင် ပင်စင်လစာ လာရောက် ထုတ်ယူခြင်း ဖြစ်ကြောင်း ယခုလို ကျန်းမာရေး စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ပေးခြင်းအပြင်  ကိုရိုနာဗိုင်းရပ်(စ်) ရောဂါမဖြစ်ပွားအောင် အသိပညာပေးခြင်း တွေလုပ်ဆောင်နေတာတွေ့ ရတော့ ဝမ်းသာပီတိ ဖြစ်ကြောင်း၊ နိုင်ငံတော်က မိသားစုသဖွယ် ဂရုစိုက် စောင့်ရှောက်ပေးခြင်းကိုလည်း အထူးကျေးဇူးတင်ရှိ ကြောင်း ဒေသခံအငြိမ်းစား ဦးစိန်ဆင့်က ပြောကြားခဲ့ပြီး ချီဖွေမြို့ မြန်မာစီးပွားရေးဘဏ်၌ ပင်စင်လစာ ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများသည်  နိုဇွန်ဘော်၊ ဆော့်လော်၊ ပန်ဝါ၊ ချီဖွေမြို့ပေါ် မှ အငြိမ်းစား ဝန်ထမ်းများ အပါအဝင် (၃၀၀) ဦးခန့်ရှိပြီး ယနေ့ပင်စင်လစာ လာရောက်ထုတ်ယူသူ (၁၁၉) ဦး ရှိကြောင်း မြို့နယ် ဘဏ်မန်နေဂျာ ဒေါ်ဇောင်းညွှယ် ထံမှ သိရှိရသည်။

ဇင်မာဝင်း (ပြန်/ဆက်)