မိုးနဲ ဩဂုတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ပြည်သူ့အားကစား ကွင်းဝင်းအတွင်း မိုးလုံလေလုံ အားကစားရုံအား တင်ဒါအောင်ချယ်ရီဘုရင်မ ဆောက်လုပ်ရေးကုမ္ပဏီက ခွင့်ပြုရန်ပုံငွေ ကျပ် သန်း ၃၆၀ နှင့် အလျား ပေ ၂၀၀ ၊အနံ ပေ ၁၀၀ နှင့်ခေါင်မိုးအမြင့် ၄၆ ပေရှိ Steel Structure အဆောက်အဦးအမျိုးအစားကို တည်ဆောက်ပေးလျက်ရှိရာ လုပ်ငန်းများ ၇၅ ရာနှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါ အားကစားရုံတည်ဆောက်ရာတွင် လုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ် တည်ဆောက်ရေး နှင့်အရည်အသွေးစစ်ဆေးရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
အားကစားရုံတည်ဆောက်ပြီးစီးပါက မိုးလုံလေလုံအားကစားရုံအတွင်း ဘောလီဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း ၊ဖူဆယ် ၊ကြက်တောင် စသည့် အားကစားနည်းမျိုးစုံကို ပြည်သူများသွားရောက် ဆော့ကစားနိုင်မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ