မိတ္ထီလာမြို့နယ် ရေချိုကျေးရွာတွင် ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀)အထူးဇုံ ဧက(၅၀) စိုက်ပျိုး

 

မိတ္ထီလာ သြဂုတ် ၂၁

မိတ္ထီလာမြို့နယ် ရေချိုကျေးရွာတွင် ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀)အထူးဇုံ ဧက ၅၀ ကို    ကွင်းအမှတ်(၅၃၅)ရှိ တောင်သူ (၁၇)ဦး၏ စိုက်ဧကများတွင် တစပ်တစ်ဆက်တည်းစိုက်ပျိုး ထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် လယ်ယာလုပ်ငန်းကို အခြေခံလုပ်ဆောင်နေကြသည့် ကျေးလက်နေပြည်သူများ လယ်ယာ လုပ်ငန်းဖြစ် စီးပွားရေးလုပ်ငန်းများ ဦးမော့လာစေရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက် လျက်ရှိရာ ကျေးလက်ဒေသများတွင် စီးပွားရေးတွက်ချေကိုက်၍ ဒေသနှင့်အဆင်ပြေပြီး အထွက် နှုန်းကောင်းသည့် သီးနှံကိုရွေးထုတ်ရာတွင် ဝါသီးနှံမှာ ရာသီဥတုဒဏ်ခံနိုင်ပြီး ဈေးနှုန်းမှာလည်း လျော့နည်းခြင်း မရှိသည့်အတွက် ဝါသီးနှံကို ရွေးချယ်စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့ ဝါသီးနှံစိုက် ပျိုးရာတွင် ရေချိုကျေးရွာ ကွင်းအမှတ်(၅၃၅)ရှိ တောင်သူ(၁၇)ဦးတို့မှ တစပ်တစ်ဆက်တည်း ချည်မျှင်ရှည်ဝါ(ရွှေတောင်-၁၀) အထူးဇုံ ဧက(၅၀)ကို ဇူလိုင်လ ဒုတိယအပတ်မှ စတင်၍ စိုက်ပျိုးလျက်ရှိသည်။

၎င်းချည်မျှင်ရှည်ဝါစိုက်ပျိုးရာတွင်လည်း စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများ မျိုးကောင်း မျိုးသန့်စိုက်ပျိုးရရှိစေရန်နှင့် သပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်၊ လယ်ကွက်များ၏ ပုံသဏ္ဍန်၊ စက်မှု လယ်ယာစနစ်သို့ ပြောင်းလဲစိုက်ပျိုးထုတ်လုပ်ရန်စသည့် စိုက်ပျိုးရေးနည်းပညာ သိရှိစေရန်အသိ ပညာပေး ဆွေးနွေးခြင်းအပြင် တစပ်တစ်ဆက်တည်း ချည်မျှင်ရှည်ဝါ အထူးဇုံဧက(၅၀) စိုက်ပျိုး သည့် ဒေသခံတောင်သူ များကို မျိုးဝါစေ့နှင့် လူးနည်ဆေးများကို အခမဲ့ပေးအပ်ခဲ့သည်။

အဆိုပါ ချည်မျှင်ရှည်ဝါ(ရွှေတောင်-၁၀) အထူးဇုံ ဧက(၅၀)တွင် စိုက်ပျိုးပြီး ဧကများကို အပင်သက် တမ်းတစ်လျှောက်ကြီးထွားမှုအဆင့်အတိုင်း ပိုးမွှားကင်းစင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကင်းထောက်မှတ်တမ်းကောက်ယူသည့် နည်းစနစ်ဖြင့် စိုက်ကွင်းအတွင်း ကွင်းဆင်း ဆောင်ရွက်ပြီးလိုအပ်လာပါက အပင်သားခွဲခြင်းလုပ်ငန်း၊ ပိုးမွှားကင်းစင်အောင် ကြိုတင်ကာကွယ် ခြင်း လုပ်ငန်းများနှင့် အပင်ကြီးထွားစေရန် သဘာဝမြေသြဇာများ ထည့်သွင်းခြင်းလုပ်ငန်းများကို ဒေသခံတောင်သူများနှင့်အတူ ပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်