ကျောက်ဖြူ ဩဂုတ် ၂၁
ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ဆွမ်း ဘောဇဉ် အခက်အခဲဖြစ်နေသည့် ဘုန်းတော်ကြီးကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်အချို့မှ စားဝတ် နေရေးခက်ခဲကြပ်တည်းနေသူ အခြေခံလူတန်းစား သာမန်လက်လုပ်လက်စား ချို့တဲ့မိသားစု နေ အိမ်များအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက Kyauk Phyu Youth အဖွဲ့မှ ပရဟိတလူငယ်များမှ ၎င်းတို့၏နေအိမ်များအရောက် သွားရောက်ကာ ထောက်ပံ့လှူဒါန်းခဲ့ ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ ငါးနီ တူခြောက်၊ ခေါက်ဆွဲခြောက်နှင့် နှာခေါင်းစည်း (Mask)များကို မြို့ပေါ်ရပ်ကွက်များမှ Stay at Home သတ်မှတ်ကာလအတွင်း အခက်အခဲဖြစ်နေသူများအား ၎င်းတို့၏နေအိမ်များအရောက် သွားရောက်ကာ ထောက်ပံ့ပေးခြင်းဖြစ်သည်။
"ကျွန်တော်တို့ Kyauk Phyu Youth အဖွဲ့က ဒီကိုဗစ်-၁၉ရောဂါ Third Wave ကာလမှာ ပထမဆုံးအနေနဲ့ ဆွမ်းဘောဇဉ်အခက်အခဲဖြစ်နေတယ်ထင်ရတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို စပြီးတော့ လှူဒါန်းဆက်ကပ်တာ တွေပြုလုပ်ဖြစ်တယ်၊ လှူဒါန်းခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းက ၂၀ ကျောင်းလောက်တော့ရှိမယ်ထင်တယ်၊ နောက်ပြီး ကိုဗစ်နဲ့ကွယ်လွန်သွားသူ အဖွားဖြစ်သူရဲ့ ကျန် ရစ်ခဲ့တဲ့ကလေးသုံးယောက်ရဲ့အိမ်ကို ထောက်ပံ့ရာကစပြီးတော့မှ မြို့ပေါ်ရပ်ကွက်တွေမှာ အမှန် တကယ်ဆင်းရဲကြပ်တည်းနေကြတဲ့သူတွေနဲ့ ပုံမှန်ဝင်ငွေမရှိတဲ့သူတွေကို သက်ဆိုင်ရာရပ်ကွက်အုပ် ချုပ်ရေးမှူးတွေ ကနေတစ်ဆင့် အတည်ပြုစိစစ်ပြီးတော့မှပဲ သူတို့တရဲ့ နေအိမ်တွေကိုသွားရောက်ပြီး အခြေခံစားနပ် ရိက္ခာတွေနဲ့ ကာကွယ်ရေးသုံး ပစ္စည်းတွေကို ထောက်ပံ့ပေးနေတာဖြစ်တယ်။ ဒါ့အပြင် တချို့သားသမီး ကျောထောက် နောက်ခံမရှိတဲ့သူတွေ အသက်အရွယ်ကြီးရင့်သူတွေဆိုရင် ဆေးဝါးတွေနဲ့ လိုအပ်တာတွေ ဝယ်ဖို့အတွက် ငွေသားထောက်ပံ့ ပေးရတာတွေလည်းရှိတယ်၊ မနေ့ ကလည်း မြို့ပေါ်မှာရှိတဲ့ မရာမာကြီးတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ နေအိမ်တွေကိုပါ သွားရောက် ပြီးတော့ ထောက်ပံ့ပေးတာတွေ ပြုလုပ်ပေးခဲ့ပါသေးတယ်” ဟု အဆိုပါ Kyauk Phyu Youth အဖွဲ့မှ ကိုထူးသာကပြောသည်။
အလားတူ အဆိုပါအဖွဲ့သည် သြဂုတ်လ ၁၉ ရက်နေ့ကလည်း အသက် ၇၆ နှစ်အရွယ် တစ် ဦးတည်းနေထိုင်လျက်ရှိသည့် အဖွားအို၏နေအိမ်၊ အသက် ၈၂ နှစ်အရွယ် မြေးအဖွားနှစ်ဦးတည်း နေ ထိုင်လျက်ရှိသည့်နေအိမ်နှင့် အသက် ၈၄ နှစ်အရွယ် မောင်နှစ်မနှစ်ယောက်နေထိုင်လျက်ရှိသည့် နေအိမ်များသို့သွားရောက်၍ ဆေးဝါးများနှင့် လိုအပ်သည်များဝယ်ယူနိုင်ရန် အလှူငွေများအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ၎င်းအဖွဲ့၏ လူမှုစာမျက်နှာများတွင် ရေးသားဖော်ပြထားသည်။
အဆိုပါ Kyauk Phyu Youth အဖွဲ့သည် ကိုဗစ် Third Wave ကာလတွင် စားဝတ်နေရေး အကြောင်းပြု၍ ဆွမ်းဘောဇဉ်အတွက် ခက်ခဲနေနိုင်သည့် ဘုန်းတော်ကြီးကျောင်းများနှင့် စားဝတ် နေရေးအခက်အခဲဖြစ်နေသည့် ကျောက်ဖြူမြို့ပေါ်ရှိ ရပ်ကွက်များဖြစ်သော ဆားပြင်ကွင်းရပ်ကွက် ပြင်ဖြူမော်ရပ်ကွက်၊ ငလပွေ့ရပ်ကွက်၊ အစိုးရရပ်ကွက်၊ အရာရှိရပ်ကွက်၊ စေတီတောင်ရပ်ကွက်၊ ကညင်တောရပ်ကွက်၊ စသည့်ရပ်ကွက်များမှ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု (၂၅၀)စုခန့်ကို အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ ငါးနီတူခြောက်၊ ခေါက်ဆွဲခြောက်နှင့် နှာခေါင်းစည်း (Mask)များကို လှူဒါန်းထားရှိပြီးဖြစ်ကာ လိုအပ်နေသူများထံသို့လည်း ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
တင်ထွန်းဦး- ဖြိုးဝေလင်း