ရန်ကုန် ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ မွန်းလွဲပိုင်းက သုဝဏ္ဏအားကစားကွင်း ကိုဗစ်-၁၉ ရောဂါ လူနာကုသရေးစင်တာ ဖွင့်လှစ်ရန်ပြင်ဆင်နေမှု၊ အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှု နှင့် စက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများကို ကာကွယ်ဆေးထိုးနှံပေးနေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှု ဖြင့် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအားကစားကွင်းတွင် အုတ်တစ်ချပ် သဲတစ်ပွင့် ဖောင်ဒေးရှင်းမှ တာဝန်ယူဆောင်ရွက် နေသည့် ကိုဗစ်-၁၉ ကုသရေးစင်တာ၌ ရောဂါပိုးတွေ့ လူနာ ၅၀၀ ဦး ကုသပေးနိုင်ရန် အဆောင်(၅)ဆောင်တွင် အိပ်ယာ၊ ခြင်ထောင်၊ ကုတင်နှင့် တကိုယ်ရေသုံးပစ္စည်းများ၊ ကိုဗစ်လူနာများအတွက် ကိုဗစ်ဆေးနှင့် ဆေးပစ္စည်းများ ကြိုတင် ပြင်ဆင်ထားရှိမှု၊ လူနာများ အောက်ဆီဂျင် လိုအပ်ချက်အတွက် 10 Litre Oxygen Concentrator (၉၀) လုံး၊ ၄၀ လီတာ ဆလင်ဒါအိုး ၃၀၀ အဆင်သင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ HDU အခန်းနှင့် Oxygen Plant တည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ခံ ဦးကျော်ကျော်ထွန်းက ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမင်းတို့က စင်တာအတွင်းလိုက်လံ ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညွှန်ကြားသည်။
ထို့နောက် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၄ ရပ်ကွက် ရေနံ့သာလမ်းရှိ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ သိုလှောင်ရုံတွင် JAZZ 74 Group Companies မှ မတည်၍ စာနာစိတ်ထား ပေးဆပ်သူများ လူမှုကူညီရေး ပရဟိတအသင်းမှ အများပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရေး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လှူဒါန်းထားသည့် အောက်ဆီဂျင်ထုတ်စက်ရုံ၏ စမ်းသပ်လည်ပတ်နေမှုကို မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ အဆိုပါ Oxygen Plant မှ တစ်နေ့လျှင် ၄၀ လီတာ ဆလင်ဒါအိုး ၁၀၀ ကျော် ထွက်ရှိမည်ဖြစ်ပြီး ရန်ကုန်မြို့တော် နေပြည်သူများသို့ အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၊ ကနောင်ခန်းမ တွင် စက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ အလုပ်သမား ၂၇၇ ဦးအား ကာကွယ် ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းနှင့် မြို့နယ် ကျန်းမာရေးမှူးတို့က ယနေ့အထိ စက်ရုံအလုပ်ရုံများမှအ လုပ်သမား ၂၉၄၅ ဦးနှင့် မြို့နယ်အတွင်းရှိ သတ်မှတ်ချက်နှင့် အကျုံးဝင်သည့် ပြည်သူ ၉၈၄၆ ဦးကို ကာကွယ်ဆေးထိုးနှံပေးပြီးမှု၊ ဆေးထိုးရန် ကျန်ရှိသူများကို စာရင်းကောက်ယူထားရှိပြီး ဆက်လက်ထိုးနှံပေးမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။
တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး