မောင်တော ဩဂုတ် ၂၁
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် နွားမြန်းထောက်ချောင်းအနီး ပင်လယ်ပြင်၌ ယမန်နေ့ နံနက် (၁၀:၄၀)နာရီအချိန်ခန့်က တစ်ဖက်နိုင်ငံသို့ တရားမဝင် ပို့ဆောင်မည့် ငါးမြစ်ချင်းကုန်လှေ တစ်စီးအား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ငါးမန်းနှစ်စီး ၊ ဖိုက်ဘာလှေ တစ်စီးဖြင့် ပိတ်ဆို့ရေးတာဝန် ထမ်းဆောင်နေစဉ် နွားမြန်းထောက်ချောင်းအနီး အရောက်တွင် အရှေ့တောင်ဘက် မှ အနောက်မြောက်ဘက်သို့ ခုတ်မောင်းနေသော မသင်္ကာဖွယ်လှေတစ်စီးအား တွေ့ရှိ၍ အချက်ပြ ခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ အနောက်တောင်ဘက်သို့ မောင်းနှင်းထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီးရာ (လှေလိုင်စင် ၊ ပဲ့နင်းလိုင်စင် ၊ ကုန်သွယ်ခွင့်လိုင်စင်ပါ ) Custom ခွင့် ပြုချက် မပါရှိသော ရွှေမြိုင်စိုး(၅)အမည်ရှိ တရားမဝင်ငါးမြစ်ချင်းကုန်လှေ (အလျား ၉၀ ပေ ၊ အနံ ၂၀ ပေ ၊ ရေစူး ၁၁ ပေခန့် ) သစ်သားကိုယ်ထည် ၊ စက်မကြီး NISSAN EX 10V HP-380 ၁၀ လုံးထိုး အင်ဂျင် ၁ လုံး (ဂီယာဘောက်တွဲလျက်) ကုန်လှေတစ်စီးအား ငါးမြစ်ချင်း ခန့်မှန်း (၃၅)တန်ခန့်နှင့်အတူ မြန်မာလူမျိုး တရားခံ ကျား (၂၁)ဦးတို့အား ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။
အဆိုပါ ဖမ်းဆီးရမိသော တရားခံများအား စစ်ဆေးမေးမြန်းချက်များအရ ရွှေမြိုင်စိုး(၅) အမည်ရှိ တရား မဝင် ကုန်လှေပိုင်ရှင်မှာ အမှတ်(၁၃၃) ၊ မြေညီထပ် ၊ ၂၁ လမ်း ၊ ၆ ရပ်ကွက် ၊ လသာမြို့နယ် ၊ ရန်ကုန်မြို့နေသူ ဦးမျိုးလွင် ဆိုသူ နှင့် ကုန်ပစ္စည်းပိုင်ရှင်မှာ သရက်တော ၊ ၅ လမ်း ၊ ကြည့်မြင့်တိုင်မြို့နယ် ၊ ရန်ကုန်မြို့နေသူ ဦးကျော်နိုင်ဦး ဆိုသူတို့ နှစ်ဦးဖြစ်ကြောင်းသိရသည်။ ၎င်းလှေသည် ရန်ကုန် ၊ ကြည့်မြင့်တိုင်စံပြငါးဈေးမှတစ်ဆင့် တိုးမြစ်လမ်းကြောင်းအတိုင်း ၂၀၂၁ ခုနှစ် ၊ ဩဂုတ်လ ၁၆ ရက်နေ့ ၊ နံနက်(၀၅:၀၀)အချိန်ခန့်က ထွက်ခွာလာခဲ့ပြီး ပင်လယ်ပြင် လမ်းကြောင်း အတိုင်း ဟိုင်းကြီးမြို့မှ တဆင့် မေယုကျွန်း အနောက်ဘက်ရေလမ်းကြောင်း၊ အုန်းကျွန်း အရှေ့ဘက် ရေလမ်းကြောင်း၊ ၎င်းမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ရောင်းချရန် ထွက်ခွာလာစဉ် ဖမ်းဆီးခံခဲ့ရကြောင်း နှင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝေလ(မောင်တော)