မိုးကောင်း ဩဂုတ် ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ကာလအတွင်း ဆေးဝါးနှင့် ဆေးပစ္စည်းသတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးအတွက် ဆေးဆိုင်များအား ယနေ့ နံနက်(၁၀)နာရီတွင် လိုက်လံကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆေးဆိုင်များအလိုက် ကြပ်မတ်စစ်ဆေးရာတွင် နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချစေရေး၊ ဈေးကွက်အတွင်း ဆေးဝါးများနှင့်အထောက်အကူပြုပစ္စည်းများ ပြတ်လတ်မှုမရှိစေရေး၊ သတ်မှတ် အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်မှုရှိစေရေး၊ ဆေးဆိုင်ဝန်ထမ်းများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံထားရေး၊ တရားမဝင်ကုန်ပစ္စည်း အတုအပနှင့် အရည်အသွေးနိမ့်ပစ္စည်းများ ရောင်းချမှု မရှိစေရေး စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် အများအားဖြင့်လတ်တလောကာလ အသုံးများသည့် Tablet ဆေးများဖြစ်သည့် Paracetamol ၊ Cevit ၊ Dextromethophem ၊ Cetrizine ၊ Dexamethaxone ၊ Becozinc ၊ Burmeton ၊ ချောင်းဆိုးပျောက်ဆေးအရည်အမျိုးမျိုးနှင့် Mask/ Hand Gel များမှာ ယခင်လအတွင်းဈေးအနည်းငယ်မြင့်တက်၍ ပစ္စည်းပြတ်လတ်မှုများရှိခဲ့သော်လည်း ယခုဩဂုတ်လမှစ၍ ပုံမှန်မှာယူရရှိပြီး သာမှန်ဈေးနှုန်းဖြင့်သာ ရောင်းချပေးလျှက် ရှိကြောင်း၊ အထူးသဖြင့် ရောင်းလိုအားနှင့်ဝယ်လိုအားများသည့် BPI ထုတ်လုပ်ဓါတ်ဆားထုပ်နှင့် အိမ်သုံးဆေးအချို့သာ မှာယူရခက်ခဲပြီး တစ်ခါတစ်ရံဆေးဝါးပစ္စည်းအနည်းငယ်သာ မှာယူလျှက် ရောင်းချရကြောင်း မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေး အဖွဲ့ စိစစ်တွေ့ရှိချက်အရ သိရသည်။
စစ်ဆေးဆောင်ရွက်မှုကို မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစည်သူနှင့်အဖွဲ့ဝင်များဖြစ်သည့် စည်ပင်အမှုဆောင်အရာရှိ ဦးမျိုးဌေး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်စံ၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဉာဏ်လင်းထွန်း၊ ရပ်မိ/ရပ်ဖ၊ ကုန်သည်လုပ်ငန်းရှင် ဦးဝင်းအောင်တို့ ပါဝင်သောအဖွဲ့သည် နမ္မတီးမြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ မိုးကောင်း မြို့နှင့် နမ္မတီးမြို့ပေါ်ရှိဆေးဆိုင်များသို့ ဆေးဝါးနှင့်ဆေးဝါးပစ္စည်းများသတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ကွင်းဆင်းကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး