မော်လမြိုင် ဩဂုတ် ၂၀
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအား ကာကွယ်၊ ထိန်းချုပ် ကုသပေးစဉ် ရောဂါပိုးကူးစက်ခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခြင်း အခမ်းအနား တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာ၌ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်း စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှ ဩဂုတ်လ ၁၈ ရက်နေ့အထိ ပိုးတွေ့လူနာ (၁၁၉၁၆) ဦးရှိခဲ့ကြောင်း၊ ထို့အတွက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပြည်နယ်၊ခရိုင်၊ မြို့နယ်များအလိုက် ကြီးကြပ်မှုဖြင့် ကော်မတီများ ဖွဲ့စည်းခြင်း၊ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် Call Center များ ဖွင့်လှစ်ခြင်း၊ Stay at Home နယ်မြေများ သတ်မှတ်ခြင်းနှင့် ခရီးသွားလာမှုများ ကန့်သတ်ခြင်း၊ သတင်း စောင့်ကြည့်ရေးနှင့် သတင်းမှန်ပြန်ကြားရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားခြင်းတို့အပြင် ပိုးတွေ့ လူနာများအား ကုသရေးဆေးရုံ၊ ကုသရေးစင်တာ များမှ ကျန်းမာရေးစောင့်ရှောက်မှုများ၊ လိုအပ်သည့် အောက်စီဂျင်များ လုံလောက်စွာ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည့်အတွက် ရောဂါဖြစ်ပွားမှု တဖြည်းဖြည်းလျော့နည်းလာသည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်- ၁၉ ရောဂါ လျော့နည်းအောင် အဓိကအခန်းကဏ္ဍမှ အနစ်နာခံ၍ ရောဂါပိုးကူးစက်ခံပြီး ကုသပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်း များကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည့် ကျန်းမာရေးဝန် ထမ်းများ၊ ပရဟိတလူမှုအဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များနှင့် ပြည်သူများကိုလည်း အထူးကျေးဇူး တင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့လူနာများအား ကာကွယ်၊ ထိန်းချုပ် ကုသ ပေးစဉ် ရောဂါပိုးကူးစက်ခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြုများက လက်ခံရယူခဲ့ပြီး
ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတလူမှုအဖွဲ့အစည်းများမှ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အခြား လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသကဲ့သို့ ပိုးတွေ့လူနာများအား ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးစဉ်ရောဂါပိုး ကူးစက်ခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်း(၁၉၅) ဦးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေ (၁၉၅) သိန်းချီးမြှင့်ပေးသည်။မွန်ပြည်နယ်တွင်လူဦးရေ(၂၂)သိန်းကျော်ရှိသည့်အနက် ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အလုံးရေ(၅)သောင်းကျော် နှင့် ဒုတိယအကြိမ် ဆေးအလုံးရေ (၉၅၀၀၀)ကို ထိုးနှံပေးခဲ့ပြီး ထပ်မံရောက်ရှိမည့် ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး စီစဉ်ထားကြောင်းနှင့် ပိုးတွေ့လူနာများအတွက် လိုအပ် သည့်အောက်စီဂျင်များ လုံလောက်စွာ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။