တံတားဦးမြို့နယ်၌ ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိရေး ကြပ်မတ်စစ်ဆေး

 

တံတားဦး  ဩဂုတ် ၂၀

ကျောက်ဆည်ခရိုင်၊တံတားဦးမြို့နယ်အတွင်း ဒေသခံပြည်သူများ ဆေးဝါးနှင့်   စားသောက်ကုန် ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် ကိုဗစ်-၁၉ကာလ ဆေးဝါးနှင့် စားသောက်ကုန် ပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ မရှိရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  ဌာနဆိုင်ရာများ ပူးပေါင်းပြီး မြို့ပေါ်ရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင်များနှင့် စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ဒုတိယဦးစီးမှူး ဦးထွန်းအောင်ကျော် မြို့နယ်ဒုတိယရဲတပ်ဖွဲ့မှူး ဒုရဲမှူးညီညီထွေး နှင့် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ဦးဆောင်သောအဖွဲ့က  မြို့ပေါ်ရပ်ကွက်ရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင်များနှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များကို စစ်ဆေးရာ ဆေးဝါးနှင့်ကုန်ပစ္စည်းများ ရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ရောင်းချခြင်းရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြသည်။

ထို့နောက် ဆေးဆိုင်လုပ်ငန်းရှင်များနှင့် စားသောက်ကုန်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ နေ့စဉ်ရောင်းဝယ်နေမှုများကို မထိခိုက်စေရေး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း စနစ်တကျ တန်းစီပြီး တစ်ဦးနှင့်တစ်ဦး ၃ပေစီခြား၍ ရောင်းချရေး နှာခေါင်းစည်း(Mask) ကို စနစ်တကျတပ်ဆင်ရေး ဆေးဆိုင်ရောင်းချသူများအနေဖြင့် တားမြစ်ထားသည့်ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းမရှိရေး ၊အစားအသောက်နှင့် အခြားအခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရေး ဆေးဝါးဆိုင်များ စားသောက်ကုန်ပစ္စည်းများနှင့် မုန့်ခြောက် ဆိုင်များကို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ  ဝယ်ယူရာတွင် အခက်အခဲ မဖြစ်စေရေးအတွက် သတ်မှတ်ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စစ်ဆေးတွေ့ရှိပါက အရောင်းဆိုင်များအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း  အသိပေး ပြောကြားခဲ့ကြောင်း သိရသည်

ရဲတင့်