ကျောက်ပန်းတောင်းမြို့နယ် မြင်းခြံကုန်းကျေးရွာ လူဦးရေ(၁၀၉၁)ဦးကို အကျိုးပြုမည့် မြေသားရေကန်တူးဖော် လုပ်ငန်းအားလုံးပြီးစီးပါက အချိန်/ရာသီမရွေးသောက်သုံးရေဖူလုံစွာရရှိနိုင်တော့မည်

ကျောက်ပန်းတောင်း   ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် မြင်းခြံကုန်းကျေးရွာ မြေသားရေကန်တူးဖော်ပြီးစီးမှုလုပ်ငန်းများကို၊ ယနေ့ နံနက်(၉;၃၀)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် အင်ဂျင်နီယာအဖွဲ့များ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ(၉.၈)သန်းဖြင့်၊  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်၊ ဒီးဒုတ်ကုန်းကျေးရွာအုပ်စု မြင်းခြံကုန်းကျေးရွာရှိ၊ အလျား (၁၅၀)ပေ၊ အနံ (၁၀၀)ပေနှင့်အနက် (၆)ပေရှိ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင် အင်ဂျင်နီယာအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။အဆိုပါမြေသားရေးကန်တူးဖော်ခြင်းလုပ်ငန်းကိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှတာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး၊ လုပ်ငန်းအားလုံး၏(၉၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ရာ၊ ရာနှုန်း ပြည့်ပြီးစီးပါက မြင်းခြံကုန်းကျေးရွာနေ အိမ်ခြေ(၂၅၇)အိမ်မှ လူဦးရေ(၁၀၉၁)ဦးအတွက် နွေရာသီ ရေခက်ခဲမှုမရှိစေပဲ၊ အချိန်/ရာသီမရွေး သောက်သုံးရေဖူလုံစွာရရှိနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်မင်းထွန်း ထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)