ပူတာအိုမြို့၌ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေးကွင်းဆင်းစစ်ဆေး

ပူတာအို ဩဂုတ် ၂၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့ပေါ်ရှိ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေးအတွက် မြို့မဈေးနှင့် ကောင်ကထောင်ရပ်ကွက်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား ယမန်နေ့လည်ပိုင်းက ခရိုင်/မြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြီးကြပ်ရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်/မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့များက ပူတာအိုမြို့ မြို့မဈေးနှင့် ကောင်ကထောင် ရပ်ကွက်အတွင်းရှိ သုခချမ်းသာဆေးဆိုင်နှင့် ကောင်းပြည့်ဆေးဆိုင် တို့အား ပူးပေါင်းစစ်ဆေးခဲ့ကြပြီး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ဆေးဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံကာ ဆေးဆိုင် များတွင် ဆေးဝါးပြတ်လပ်မှုမရှိစေရေး၊ ဆေးဆိုင်များအား ပုံမှန်ဖွင့်လှစ်ရောင်းချပေးရေး၊ သတ်မှတ်အရည် အသွေးနှင့် ပြည့်၀သည့် ဆေးဝါးများသာရောင်းချရေးနှင့် ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချရေးတို့ကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပူတာအိုခရိုင် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ် ဆေးကြပ်မတ်ရေးအဖွဲ့မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနှင့် ခရိုင်ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်း တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့၀င်များ နှင့် အတူပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်ပြီး  မြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်း ဆိုင်များမှ စစ်ဆေးရန်ကျန်ရှိသည့်ဆေးဆိုင်များအား ဆက်လက်ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရ သည်။