တာချီလိတ် ဩဂုတ် ၂၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၃၄၉)ဦးကို ယမန်နေ့၊ နေ့လည်(၁)နာရီအချိန်က တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား(၃၄၉)ဦးမှာ အမျိုးသား(၂၁၆)ဦးနှင့် အမျိုးသမီး (၁၃၃)ဦးတို့ဖြစ်ပြီး ၎င်းတို့အား တာချီလိတ်ခရိုင်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ စစ်ဆေးချက်အဖြေအရ နေရပ်ပြန် ပြည်သူ (၁၇)ဦးထံတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ပြီး ကျန်ပြည်သူ(၃၃၂) ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ Negative အဖြေထွက်ရှိခဲ့သည်။ ပိုးတွေ့ရှိသည့် နေရပ်ပြန်ပြည်သူများကို ဝမ်လုံး အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာတွင် ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
လာအိုနိုင်ငံမှလွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၃၄၉)ဦးမှ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိသည့် နေရပ်ပြန် ပြည်သူ(၃၃၂)ဦးအား စစ်ဗျူဟာအဖွဲ့(အခြေချ)၊ တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌဦးမြင့်နိုင် နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်ဦးကျော် ၊ မြို့ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုအဖွဲ့ဝင်များက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြပြီး ၎င်းတို့အား သက်ဆိုင်ရာနေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက် ပေး၍ အခမဲ့မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းများ၊ထောက်ပံ့ငွေများ လှူဒါန်းပေးခြင်းနှင့် နေရပ်ပြန်ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ကာ နေရပ်အသီးသီးသို့ ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)