ဗန်းမော်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြုပ်မှု ဖြစ်ပွား

ဗန်းမော် ဩဂုတ် ၂၀

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင်  မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်၊ တာပိန်မြစ်ရေမြင့်တက်လာပြီး မိုးစပါးစိုက်ဧကများတွင် ဩဂုတ် ၁၈ ရက်နေ့မှ စတင်၍ ရေကြီးနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါရေကြီးနစ်မြုပ်လျက်ရှိသော ဗန်းမော်မြိုနယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၃)အုပ်စုမှ ကွင်းပေါင်း (၂၄)ကွင်းရှိ မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြုပ်လျက်ရှိပြီး အဆိုပါကွင်းတွင် တောင်သူပေါင်း (၆၇၄)ဦး၊ စိုက်ဧကပေါင်း(၁၅၉၉)ဧကတို့သည် ရေကြီးနစ်မြှုပ်လျက်ရပြီး ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့တွင်လည်း ကျေးရွာအုပ်စု(၇)အုပ်စု၊ ကွင်းပေါင်း(၁၃)ကွင်း၊ တောင်သူ ပေါင်း(၂၈၁)ဦး၊ မိုးစပါးစိုက်ဧရိယာ(၁၂၉၂)ဧကတို့ကို ထပ်မံ၍ ရေကြီးနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

ဗန်းမော်မြို့နယ်တွင် ရေကြီးနစ်မြုပ်လျက်ရှိသည့် စုစုပေါင်းကျေးရွာအုပ်စု(၂၀)အုပ်စု၊ ကွင်းပေါင်း (၃၇)ကွင်း၊ တောင်သူပေါင်း(၉၅၅)ဦး၊ မိုးစပါးစိုက်ဧရိယာစုစုပေါင်း(၂၈၉၁)ဧကတို့တွင် ရေကြီး နစ်မြုပ်လျက်ရှိကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ သိရှိရသည်။ 

ဗန်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ(၁၁၅၀)စင်တီမီတာဖြစ်ပြီး ဩဂုတ်လ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲတွင် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် (၉၈၀) စင်တီမီတာအထိ မြင့်တက်လာသည့်အတွက် မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြုပ်မှုစတင်ခဲ့ ကြောင်း သိရသည်။