မဘိမ်းမြို့၌ အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေး

မဘိမ်း     ဩဂုတ်     ၁၃         

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ် များအား ဗီတာမင်အေနှင့် သန်ချဆေးများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများ က ယနေ့နံနက် ၉ နာရီအချိန်က ကုန်းခါရပ်ကွက်၊ ရွှေအုဋ်အံဓမ္မာရုံတွင် စတင်တိုက် ကျွေးလျက်ရှိကြောင်း သိရှိရသည်။

ဗီတာမင်အေနှင့် သန်ချဆေးများတိုက်ကျွေးရာတွင် မဘိမ်းမြို့ ကုန်းခါးရပ်ကွက်နှင့် မြို့မရဲ စခန်းအတွင်းရှိ ကလေးငယ်များအား မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဘက်စုံသားဖွား ဆရာမ ဒေါ်တင်မျိုးမျိုးလှိုင် နှင့် ဝန်ထမ်းများက ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး များတိုက်ကျွေးခြင်းနှင့် ကိုယ်အလေး ချိန် စနစ်တကျချိန်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ဆေးများတိုက်ကျွေးခြင်းကြောင့် ကလေးငယ်များ ဗီတာမင်အမျိုးမျိုးချို့တဲ့ခြင်းမှ ကာကွယ်ပေးခြင်း၊ သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း၊ ကျန်းမာသန်စွမ်းပြီး ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုး၍ ဉာဏ်ရည်ထက် စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း သိရှိရသည်။

မဘိမ်းမြို့နယ်အတွင်းရှိ အခြားရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင်လည်း တာဝန်ကျ ဆရာမများက ဗီတာမင်အေနှင့် သန်ချဆေးများ စနစ်တကျတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)