ညောင်ဦးမြို့နယ် ဖီးကြမ်းငှက်ပျောစိုက်တောင်သူများငှက်ပျောထွက်သလောက်ရောင်းချ ရခြင်းကြောင့် ငှက်ပျောစိုက်တောင်သူများအဆင်ပြေနေ

ညောင်ဦး ဩဂုတ်  ၁၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများမှဖီးကြမ်းငှက်ပျောစိုက်တောင်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလဖြစ်သော်လည်း ဖီးကြမ်းငှက်ပျောထွက်သလောက် ရောင်းချနေရကြောင်း လက်ပံခြေပေါ်ကျေးရွာ ငှက်ပျောစိုက်တောင်သူ ဦးအောင်ဌေးထံက သိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုရှိ ကျေးရွာများ၊ အုန္နဲကျောင်းအုပ်စု ကျေးရွာများသည် ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းအား မြေအောက်ရေအသုံးပြု၍စိုက်ပျိုး ကြခြင်းနှင့် ငါ့သရောက်မြစ်ရေတင် ဖြင့်လည်းကောင်း၊ လက်ပံခြေပေါ်မြစ်ရေတင်ရေဖြင့်လည်းကောင်း စိုက်ပျိုးကြကာ ဖီးကြမ်းငှက်ပျောစိုက် တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကြကာ ဖီးကြမ်းငှက်ပျောခုတ်ချိန်(ပေါ်ချိန်) ဈေးနှုန်းကောင်းကောင်း ဖြင့် ရောင်းချနေရခြင်း ကြောင့် ငှက်ပျောစိုက်တောင်သူများအဆင်ပြေနေကြကြောင်းသိရသည်။

လက်ပံခြေပေါ်ဖီးကြမ်းငှက်ပျောစိုက်တောင်သူများသည် ငှက်ပျောစိုက်ပျိုးခြင်းအား ဝါဆို၊ဝါခေါင်လတို့တွင် အများဆုံးစတင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီးဆယ်လ၊ ဆယ့်တစ်လတွင် ငှက်ပျောစတင်ပေါ်ကာ ခုထစ် ရောင်းချကြကြောင်း၊ ငှက်ပျောတစ်ခိုင်လုံးဈေးသည်လည်း ငှက်ပျောဖီးအရေအတွက်အပေါ်မူတည်ကာ ဈေးသတ်မှတ်ရောင်းချကြောင်း သိရပြီး ငှက်ပျောတစ်ဖီး ၈၀၀ ကျပ်ဖြင့်ရောင်းကြပြီး၊ ငှက်ပျော ခိုင်တစ်ခိုင် ရှစ်ဖီးပါပါက ၆၄၀၀ ကျပ်သတ်မှတ်ရောင်းချကာ ၁၀ဖီးခိုင်တစ်ခိုင် ၈၀၀၀ ကျပ် သတ်မှတ် ရောင်းချပြီး ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပြောမှန်သမျှ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလဖြစ်သော်လည်း ဈေးနှုန်း ကောင်းဖြင့် ရောင်းချနေရခြင်းကြောင့် ငှက်ပျောစိုက်တောင်သူများအဆင် ပြေနေကြကြောင်း သိရသည်။ ငှက်ပျောသီးနှံစိုက်ပျိုးခြင်းသည် အလုပ်များနေ၍ပြစ်ထားလျှင်ပင်မသေဘဲ၊ ဖြစ်ထွန်းခြင်းကြောင့် စိုက်ပျိုး သင့်သည့်သီးနှံအမျိုးအစားဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူများက ပြောပြကာ ဖီးကြမ်းငှက်ပျောသီးနှံ တစ်ဧကလျှင် တစ်နှစ်အတွင်း သိန်းငါးဆယ်ကျပ်ဝင်ငွေရှိပြီး လေးနှစ်ထိ တစ်ပင်ပြီးတစ်ပင် သားတက် ယူကာ ငှက်ပျောခြံအား ပြုပြင်စိုက်ပျိုးကြောင်းသိရပြီး ငှက်ပျောခြံထိ ငှက်ပျောပွဲစားများ လာရောက် ဝယ်ယူခြင်းနှင့် ကားလမ်းမကြီးချ ရောင်းချခြင်းနှင့် ကျောက်ပန်းတောင်း၊ညောင်ဦး ၊ မြင်းခြံ၊ ပခုက္ကူမြို့ ငှက်ပျောပွဲစားများ လာရောက်ဝယ်ယူကြကြောင်း၊ ပခုက္ကူမြို့ဘက်က လက်ပံခြေပေါ် ငှက်ပျောစိုက် တောင်သူများအတွက် အဓိကဈေးကွက်ဖြစ်ကြောင်းလည်း ငှက်ပျောစိုက်တောင်သူများက ရှင်းပြ၍ သိရသည်။

ကိုထိန်၊KPD