ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရေ၀ပ်သည့် ရပ်ကွက် များသို့ ကွင်းဆင်း စစ်ဆေးပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက် သရုပ်ပြသမှုအခမ်းအနားသို့ တက်ရောက်ကြည့်ရှု

မြစ်ကြီးနား     ဩဂုတ်  ၁၉

ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၇နာရီခွဲအချိန်က မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရေ၀ပ်သည့်ရပ်ကွက်များ၏ မြေပြင်အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများအဖွဲ့သည် ပမ္မတီးရပ်ကွက် နယ်မြေ (၅) ရေ၀ပ်ရေအိုင်ခြင်းများ အတွက် ရွှေလမ်းမကြီးလမ်းဘေး ဝဲ/ယာ ကျောက်စီရေမြောင်းနှင့် ကွန်ကရစ်တံတား ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအား ဖြည့်စွက်ညှိနှိုင်းပေးခဲ့သည်။

ယင်းနောက် အဆိုပါရပ်ကွက်ရှိ တောင်သူများ၏ လယ်ယာမြေများအား မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် ရေမြုပ်ဖုံးလွမ်းမှု မရှိစေရန် ရေနုတ်မြောင်းများ တူးဖော်ဖောက်လုပ် ဆောင်ရွက်ပေး နိုင်ရေးအတွက်  တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်ဖောင်း နယ်မြေရှိ ၀ဥစိုက်ပျိုးထားခြင်း ဖြစ်ထွန်းအောင်မြင်မှု အခြေအနေ များအား လေ့လာကြည့်ရှုပြီး အဆိုပါ ၀ဥအား ကချင်ပြည်နယ်၏ထုတ်ကုန်အဖြစ် စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အတွက် ၀ဥ စိုက်သည့် တောင်သူများ ပိုမိုများပြား လာစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများအား တိုက်တွန်းမှာကြားသည်။ထို့နောက် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေအိုက်ရပ်ကွက် ဘီစီလမ်း ရေ၀ပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး မိုးတွင်းကာလတွင် ပြည်သူများ အဆင်ပြေချော့မွေ့စွာ သွားလာနိုင်ရန်အဆိုပါလမ်းအား  အမြန်ဆုံးပြုပြင် နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား  လမ်းညွှန်မှာကြားသည်။

ထို့မှတဆင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့်ပြည်နယ်ဝန်ကြီးများ ဌာနဆိုင်ရာမှ တာဝန်ရှိသူများသည် မြို့မရပ်ကွက်ရှိ စည်ပင်သာယာ မြစ်ဆိပ်တွင် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက် သရုပ်ပြသမှု အခမ်းအနားသို့ တက်ရောက် အားပေး ကြည့်ရှုခဲ့ကြသည်။  

အဆိုပါသရုပ်ပြရာတွင် ‘Fire Boat ပေါ်မှ ရေနစ်နေသူအနားသို့  Line Shooter ဖြင့် ပစ်ခတ်၍ ကယ်ဆယ်မှုများဆောင်ရွက်ခြင်း၊ Fire Boat အား ရေနစ်နေသူအနီးသို့ ချဉ်းကပ်၍ အသက်ကယ်ဘော ပစ်၍ ကယ်ဆယ်ခြင်း ၊ ရေနစ်နေသူများကို ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သွားရောက် ကယ်ဆယ်ခြင်း၊ ကယ်ဆယ်ထားရှိသော လူနာများအား ရှာဖွေကယ်ဆယ်ရေးလှေဖြင့် ကမ်းနားသို့သယ်ဆောင်ခြင်း ၊ ကြက်ခြေနီ နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ လူနာများအား ရှေးဦးသူနာပြုစုခြင်း၊ လူနာများအား သူနာတင်ယာဉ်ဖြင့် အနီး စပ်ဆုံးဆေးရုံသို့ ပို့ဆောင်ပေးခြင်း’ အစရှိသည်များအား ပြည်နယ်မီးသတ်ဦးစီးဌာန ၊ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ နှင့် လူမှုကူညီရေးအဖွဲ့များမှ ပူးပေါင်း သရုပ်ပြသခဲ့ကြောင်း သိရှိရသည်။

အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပြီး ပြည်နယ်မီးသတ်ဦးစီး ဌာန ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး(မြစ်ကြီးနား)၊ ပေးဆပ်သူ လူမှုကူညီရေး အသင်းတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့မှ ထောက်ပံ့ငွေများ အသီးသီးပေး အပ်ခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ် ဝန်ကြီးများသည် ခင်းကျင်းပြသထားသည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး Fire Boat ဖြင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြစ်ရေထိန်းနံရံများနှင့် ရေဘေးအန္တရာယ် ကျရောက်နိုင်မှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်နယ်(ပြန်/ဆက်)