ကျေးသီး သြဂုတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်(OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျေးသီးမြို့နယ်၊ ဝမ်စိမ်းကျေးရွာ၊ မေတ္တာခန်းမ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမိန်းက အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေ က ပြည်သူ့ဝန်ဆောင်မှု၊ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များ ကြည့်ရှု ခဲ့ကြပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန က နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနက စပါးမျိုးမှန်အပင်သန်ဆားရည်စိမ်၍ စိုက်ပျိုးရန် တောင်သူပညာပေးခြင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာနက မြေစာရင်းပုံစံ(၇) လျှောက်ထားသူစာရင်း ကောက်ယူခြင်း၊ မွေးမြူရေးနှင့်ကုသရေးဌာနမှ ကြိုတင်သတိပြုစရာဝက်များတွင် ဖြစ်ပွားတတ်သော အာဖရိကအပြင်းဖျားဝက်ရောဂါအကြောင်း ပညာပေးဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာန သွေးပေါင်ချိန်၊ အပူချိန်တိုင်း ဆောင်ရွက်ပေးခြင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနက တိုင်းရင်းဆေးပညာ အသိပေးနှင့် အခမဲ့ကွင်းဆင်းကုသမှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး၏ ညွှန်ကြားချက်နှင့်အညီ လူစုလူဝေးမဖြစ်စေရေး အတွက် အချိန်နှစ်ပိုင်းခွဲ၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သဲစုပိုင် (ပြန်/ဆက်)