မဟာအောင်မြေမြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေနေများနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခြင်း

 

မန္တလေး သြဂုတ် ၁၉

ထိပ်ထားနိုင်

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေနေများနှင့် ပတ်သက်ပြီး မဟာအောင်မြေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့် တွေ့ဆုံမေးမြန်းထားခြင်းကို ယခုကဲ့သို့ရေးသား လိုက်ပါသည်။

မေး ။ မဟာအောင်မြေမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို သိပါရစေရှင့်။

ဖြေ ။   ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန မပြတ်ဆောင်ရွက်နေပါတယ်။ မဟာအောင်မြေမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုကို တတ်နိုင်သလောက် လျော့ချနိုင်ဖို့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အသိပညာပေးတာတွေ Mask Campaignတွေ လုပ်နေသလို လူနေသွားလာမှုများတဲ့ လမ်းမတွေ ဈေးတွေကိုလည်း ပိုးသတ် ဆေးဖြန်းခြင်းတွေ ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကိုဗစ်−၁၉ ရောဂါနဲ့ ပတ်သက်တဲ့ စည်းကမ်းတွေ Stay at Homeကာလအတွင်း လိုက်နာရမယ့် စည်းကမ်းတွေ လိုက်နာမှုရှိ၊မရှိကို အထိုင်စစ်ဆေးရေးဂိတ်တွေ၊ ရွေ့လျားစစ် ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး မဟာအောင်မြေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းဖွဲ့များနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။

မေး ။  Stay at Home ကာလအတွင်း လိုက်နာရမယ့် စည်းကမ်းတွေ လိုက်နာမှု ရှိ၊မရှိကို စစ်ဆေးတယ်ဆိုတော့ ဘယ်လိုအချက်တွေကို စစ်ဆေးပြီးမလိုက်နာရင် ဘယ်လို အရေးယူမှု တွေဆောင်ရွက်ပါသလဲရှင့်။

ဖြေ ။   ဈေးဝယ်ချိန်နဲ့ ပြင်ပထွက်ချိန်ပြုတဲ့ မနက် ၄နာရီ ကနေ ၉နာရီအထိ၊ ညနေ ၃နာရီခွဲကနေ ၆နာရီခွဲ အချိန်တွေမှာတော့ ဈေးဝယ်ကဒ် ဒါမှမဟုတ် နယ်မြေကျော်ကဒ် တစ်ခုခု ပါ၊ မပါ Maskတပ် မတပ်စတဲ့ စည်းကမ်းချက်တွေ လိုက်နာမှု ရှိ၊ မရှိ စစ်ဆေးပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ အစိုးရရုံးတာဝန်၊ ကျန်းမာရေး ကိစ္စ၊ နာရေးကိစ္စ ပြင်ပထွက်ခွာ ရှိ၊ မရှိတွေကို စစ်ဆေးပါတယ်။ စည်းကမ်းတွေ လိုက်နာမှုမရှိရင် တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး ။  ကိုဗစ်−၁၉ ရောဂါပိုး ရှိ၊ မရှိကို စစ်ဆေးချင်တယ်ဆိုရင် ဘယ်မှာ စစ်ဆေးလို့ ရပါသလဲ။ ပြီးတော့ ကိုဗစ်−၁၉ ရောဂါနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ ဆောင်ရွက်ပေးနေပါသလဲရှင့်။

ဖြေ ။   မဟာအောင်မြေမြို့နယ်မှာ ကိုဗစ်နဲ့ ပတ်သက်ပြီး သံသယရှိတာဖြစ်ဖြစ် ဖျားနာတာဘဲ ဖြစ်ဖြစ် ရောဂါပိုးရှိ၊ မရှိ စစ်ဆေးချင်တယ်ဆိုရင် ၆၂လမ်း၊ ၃၆လမ်းနဲ့ ၃၇လမ်းကြားမှာ ရှိတဲ့ နဒီမြန်မာ Test and Care Centreမှာ ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးနိုင်ပါတယ်။ အဲမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ ဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး စစ်ဆေးပေး လျက်ရှိပါတယ်။ အဲမှာစစ်ဆေးမယ်ဆိုရင် အခမဲ့စစ်ဆေးနိုင်ပါတယ်။ အခုထိလည်း နေ့စဉ် စစ်ဆေးပေးနေပါတယ်။ အဲမှာ ကိုဗစ်ပိုးရှိ၊မရှိ သွားရောက်စစ်ဆေးပြီး ပိုးရှိတယ်ဆိုရင် သက်ဆိုင် ရာ ဆေးရုံတွေကို လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပို့ဆောင်ပြီးတော့ ကုသပေးတယ်။ ထို့အတူ ထိတွေ့ဆက်စပ်တဲ့သူတွေကိုလည်း သက်ဆိုင်ရာ ကွာရန်တင်းစင်တာ Home ကွာရန်တင်းထား မယ်ဆိုလည်း ဟုမ်းကွာရန်တင်း စသဖြင့် ဒါတွေကို ကြပ်မတ်ဆောင်ရွက် ပေးပါတယ်။

မေး ။  မဟာအောင်မြေမြို့နယ်အတွင်း အောက်ဆီဂျင် လိုအပ်တာတွေရှိရင် ဘယ်လိုတွေ ဆောင်ရွက်ပေးနေပါသလဲရှင့်။

ဖြေ ။   မဟာအောင်မြေ မြို့နယ်အတွင်းမှာ လက်ရှိအချိန်အထိတော့ စက်ရုံတွေ တည်ဆောက် ပြီး အောက်ဆီဂျင် ထုတ်လုပ်တာတော့ မရှိသေးပါဘူး။ ဒါပေမယ့် မြို့နယ်အတွင်းရှိ ပြည်သူတွေ ကျန်းမာရေးမကောင်းလို့ အောက်ဆီဂျင် အမှန်တကယ် လိုအပ်တယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ကတော့ သက်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ အောက်ဆီဂျင်ကို ရအောင် ကူညီပေးလျက်ရှိပါတယ်။ အနာဂတ်အစီစဉ်အနေနဲ့ကတော့ မဟာလူမှုကူညီရေး အသင်းကနေ ၄၁လမ်းနဲ့ ၉၂လမ်းထောင့်မှာ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေပါပြီ။ ဒီလကုန်လောက်ဆို စက်ရုံပြီးမှာပါ။ စက်ရုံပြီးရင် တစ်နေ့လျှင် လီတာ ၃၂၀၀ထုတ်လုပ်နိုင်မှာပါ။ ဒါဆိုရင် မဟာအောင်မြေမြို့နယ်အတွက် အောက်ဆီဂျင်ကို တစ်ဖက်တစ်လမ်းကနေ ဖြည့်ဆည်းပေးနိုင်မယ့်် အနေအထားဖြစ်မှာပါ။ ဒါဆိုရင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငနး်မှာလည်း တစ်ဖက်တစ်လမ်းကနေ ထိရောက်မယ်လို့ ထင်မိပါတယ်။

မေး ။  ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီး ပြည်သူများသိအောင် ဘာတွေများ ဖြည့်စွက်ပြောချင်ပါသလဲရှင့်။

ဖြေ ။   ကိုဗစ်− ၁၉ ထိန်းချုပ်ရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ သက်ဆိုင်ရာ အဖွဲ့အစည်း တွေတင်မဟုတ်ဘဲ ပြည်သူတွေ ကိုယ်တိုင်က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းမျဉ်းစညး်ကမ်းတွေ လိုက်နာဖို့ Stay at Homeစည်းကမ်းချက်တွေ လိုက်နာပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သေချာလိုက်နာဆောင်ရွက်သွားမယ်ဆိုရင် ဒီရောဂါကြီးက တဖြည်းဖြည်းနဲ့ လျော့နည်း ပျောက်ကင်းသွားမယ်လို့ ထင်မိပါတယ်။ အဲဒါကြောင့် ကိုဗစ်− ၁၉ ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များကို လိုက်နာပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

ထိပ်ထားနိုင်