တံတားဦးမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံတည်ဆောက်မည့်မြေနေရာအား ဆရာတော်သံဃာတော်များမှ မြေသန့်အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်

တံတားဦး   ဩဂုတ်   ၁၉

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး အတွက် ဆရာတော်သံဃာတော်များမှ ယမန့်နေ့ညနေ(၅)နာရီက တံတားဦးမြို့ အမှတ်(၃) ရပ်ကွက် ၊ သုခိတကမ္ဘောဇဗိမာန်အတွင်း၌ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်ကြကြောင်း  သိရသည် ။

အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲတွင် မြို့နယ်လုံးဆိုင်ရာ ဆောက်ဆီဂျင်စက် ဖြစ်မြောက် ရေးအဖွဲ့များက တံတားဦးမြို့ သံဃာ့နာယကအဖွဲ့ဝင် မှန်ထောင်အရိယတ္တိစာသင်တိုက် နာယကဆရာတော်  ဘဒ္ဒန္တပဏ္ဍိတထံမှ ငါးပါးသီလခံယူဆောက်တည်ကြ၍ ဆရာတော် သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ကြပြီး ဆရာတော်များမှ အောက်ဆီဂျင် စက်နှင့်အောက်ဆီဂျင်အိုး ထားရှိမည့်မြေနေရာတို့အား  ‌မြေသန့်အန္တရာယ်ကင်းပရိတ် ကမ္မဝါများ ရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ မြို့နယ်လုံးဆိုင်ရာ ဆောက်ဆီဂျင်စက် ဖြစ်မြောက်ရေးအဖွဲ့များကိုယ်စား ဦးဖုန်းကျော် ကလှူဒါန်းမှုအစုစုအတွက်ရေစက်သွန်ချ အမျှပေးဝေကြပြီး ဆရာတော် သံဃာတော်များအား မြို့နယ်လုံးဆိုင်ရာ ဆောက်ဆီဂျင်စက် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌဦးသန်းကိုက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ အောက်ဆီဂျင်စက်ရုံကို အလျား(၅၀)ပေ ၊ အနံ(၂၀)ပေနှင့် အမြင့်(၁၂)ပေတို့ဖြင့် တည်ဆောက်​မည်ဖြစ်ကြောင်း ၊ အောက်ဆီဂျင်စက်နှင့် စက်ရုံတည်ဆောက်ပြီးစီးပါက တံတားဦးမြို့နယ်အနေဖြင့်  နာရီပေါင်း (၂၀)နာရီတွင် အောက််ဆီဂျင် (၄၀)လီတာအိုး အလုံးပေါင်း(၈၀)ကို ထုတ်လုပ်နိုင်ရုံမက ပိုလျှံတဲ့အတွက် အခြားမြို့ရွာများကိုလည်း လှူဒါန်းပေးနိုင်မည်ဖြစ်ကြောင်း အောက်ဆီဂျင် စက်ရုံ တည်ဆောက်ရသည့် ရည်ရွယ်ချက်ကတော့ “ လူ့အသက်တစ်ချောင်းကို ကယ်တင် ချင်သည့် စေတနာဖြင့် “ တည်ဆောက်ခြင်း ဖြစ်ကြောင်း ၊ တံတားဦးမြို့နယ်သူ မြို့နယ်သားများစုပေါင်းပြီး မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံ ကို တည်ဆောက် ခြင်းဖြစ်ကြောင်း မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ဖြစ်မြောက်ရေးကော်မတီ ဦးဖုန်းကျော် ထံမှ သိရသည်။

ရဲတင့်(တံတားဦး)