မိုင်းယောင်း ဩဂုတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါယာယီ ဆေးကုသဆောင်တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃ ဦးအား ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ကောင်းမွန်လာသည့်အတွက် ယနေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကို မိမိကိုယ်တိုင် ကူးစက်မခံရစေရန်၊ မိသားစုကို မကူးစက်စေရန်၊ မိမိပတ်ဝန်းကျင်ရှိ အခြားသူများထံ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်၍ ကာကွယ်ရပါမည် စသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ တိုက်တွန်းနှိုးဆော် ချက်များ၊ အသိပေးပန်ကြားချက်များကို ရှင်းလင်းပြောကြားပြီး ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် ကူညီပို့ဆောင်ပေးခဲ့သည်။
မိုင်းယောင်းမြို့တွင် ဇူလိုင် ၅ ရက်မှ ဩဂုတ် ၁၈ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အတည်ပြုလူနာ ၆၁ ဦးရှိရာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရရှိသူ ယနေ့အပါအဝင် ၃၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း